နေပြည်တော် စက်တင်ဘာ ၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး မော်စကိုမြို့ ပုံစံငယ်ပြတိုက်၊ Smart City ပုံစံငယ်ပြတိုက်နှင့် အာကာသပြတိုက်များအတွင်း လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) သည် ဒေသစံတော်ချိန် ညနေပိုင်းတွင် ပညာတော်သင် သင်တန်းသားများအား ခေတ္တတည်းခိုသည့် ဟိုတယ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံရပ်ခြားတွင် နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာရောက်ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ စောင့်ရှောက်ကြရန် လိုအပ်သည့်အခြေအနေများ၊ မိမိနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးတက်အောင် နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့သည်။
သတင်းစဉ်