Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ မန္တလေးမြို့ရှိ အားကစားကွင်း/အားကစားရုံများနှင့် မန္တလေး အားကစားနှင့်ကာယပညာ (သိပ္ပံ) ကျောင်း ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် တာဝန် ရှိသူများနှင့်အတူ မန္တလေးမြို့ ရွှေမန်းတောင် အားကစားကွင်းရှိ အားကစားသမားများ စခန်းဝင်လေ့ကျင့်နေထိုင်ရန် တည်ဆောက်ပြီးဖြစ်သော (၄) ထပ်ဆောင်နှင့် အားကစားသမားများကို ကျွေးမွေရန်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ ရွှေမန်းတောင် ဘောလုံးအားကစားကွင်းနှင့် ကွင်းစိမ်းလန်းစိုပြည်ရေး မြေအောက်ရေဂါလံ (၁၀၀၀၀) ဆံ့ ရေကန်နှင့် ဂါလံ (၃၂၀၀) ဆံ့ ပေ (၃၀) မြင့် ရေစင်တည်ဆောက်နေမှုကို လည်းကောင်း၊ အောင်မြေမန္တလာ ဘောလုံးကွင်းကို တိုင်း​ဒေသကြီးအဆင့် ဘောလုံးကွင်းအဖြစ် ပြန်လည်ပြုပြင် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် အောင်မြေမန္တလာ မိုးလုံလေလုံအားကစားရုံကို လည်းကောင်း၊ ဗထူးအားကစားကွင်း ပြုပြင်ရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံကာ  လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် မန္တလေးတိုင်းဒေသကြီး အားကစား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပြီး အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးအားကစားနှင့်ကာယပညာ (သိပ္ပံ) ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့သည် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်ရန် ရည်မှန်းကြိုးစား နေကြသူများဖြစ်သောကြောင့် မိမိခံယူချက်မြင့်မားစွာထားရှိ၍ သင်ယူလေ့ကျင့်ရန် လိုအပ်ပါ ကြောင်း၊ အားကစားကိုတွဲ၍ လေ့ကျင့်နေရသော သင်းတန်းသား/ သင်တန်းသူများဖြစ်၍ ပညာသင်ကြားရင်း လေ့ကျင့်မှုအရှိန်အဟုန် အပြတ်စေရန် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းနှင့် အညီနေထိုင်ရန် လိုအပ်ကြောင်းနှင့် အားကစားသမားများ အလုပ်အကိုင် အခွင့်အလမ်း ဘဝအာမခံချက်ရရှိရေး စီစဉ်ဆောင်ရွက်နေကြောင်း ပြောကြားပြီး အားကစားနှင့်ကာယပညာ (သိပ္ပံ) ဝန်ထမ်းများ ကို တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာ (သိပ္ပံ) မန္တလေးရှိ စားရိပ်သာနှင့် သင်တန်းသား/ သင်တန်းသူ အိပ်ဆောင် အားကစားနည်းအလိုက်‌ အားကစားနည်းများ လေ့ကျင့်နေမှုများနှင့် မန္တလာသီရိဘောလုံး အားကစားကွင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)