Skip to main content

ကိုဗစ်ရောဂါကျဆင်းရေး မျက်ခြည်မပြတ်စစ်ဆေး

ကိန်းဂဏန်းအချက်အလက်များအရ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာပြီး အဆိုပါအချက်အလက်များသည် မှန်ကန်ခိုင်မာမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဖြစ်ပွားနှုန်းအမှန်တကယ် လျော့နည်းလာမှသာ တင်းကျပ်ထားသည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးနိုင်မည်ဖြစ်ကြောင်း၊ ဒုတိယလှိုင်း၌ ရောဂါကူးစက်မှုနှုန်း လျော့ကျစဉ် ပေါ့ဆစွာဖြင့် နေထိုင်သွားလာခဲ့ခြင်းကြောင့် တတိယလှိုင်းဖြစ်ပွားစဉ် အခက်အခဲများစွာဖြင့် ရင်ဆိုင်တွေ့ကြုံခဲ့ရမှုများကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လမှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်း အမြင့်မားဆုံးဖြစ်ပေါ်ခဲ့သည်။ ရောဂါကူးစက်မှုနှုန်း မြန်ဆန်ပြင်းထန်လာ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း စီမံခန့်ခွဲမှုကို နိုင်ငံတော်က မျက်ခြည်မပြတ် အလေးထားဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ဇူလိုင်လ ၂၃ ရက်နေ့တွင် ရောဂါကူးစက်မှုနှုန်း ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းရှိပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ၄၀ ဒသမ ၀၇ ရာခိုင်နှုန်း ကူးစက်မှုရှိသည်။ သြဂုတ်လ ၂၉ ရက်နေ့တွင် လူဦးရေ ၂၉၁၂၇ ကို စစ်ဆေးခဲ့ရာ ၃၁၆၆ ဦး ရောဂါပိုးတွေ့သဖြင့် ကူးစက်မှုနှုန်း ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။ ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယခုသြဂုတ်လအတွင်း ရောဂါဖြစ်ပွားနှုန်း တစ်ဝက်ကျဆင်းစေရန် ပထမအဆင့် ဆောင်ရွက်ခဲ့ရာ မျှော်မှန်းသည့်အတိုင်း ကူးစက်မှု ၂၀ ရာခိုင်နှုန်းအောက် ကျဆင်းလာသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရသည်။

ထိုသို့ ကိုဗစ်ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာခြင်းသည် ပြည်သူများ၏ ပူးပေါင်းလိုက်နာ ဆောင်ရွက်မှု၊ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ကြသူများနှင့် စီမံခန့်ခွဲမှုများ ဆောင်ရွက်ကြသည့် အဖွဲ့အစည်းအသီးသီး၏ ညီညီညာညာ တက်ညီလက်ညီ ဆောင်ရွက်ပေးနိုင်မှုကြောင့် ဖြစ်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားနေပြီး အောက်ဆီဂျင်လိုအပ်မှု မြင့်တက်နေသောအချိန်တွင် အလှူရှင်များ၊ စေတနာရှင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများကလိုအပ်ချက်ကို အလျင်အမြန်ဖြည့်ဆည်းပေးနိုင်ခြင်း၊ လိုအပ်သောဆေးဝါးများ မှန်ကန်စွာ ရောင်းဝယ်ဖောက်ကားမှုနှင့် အလျဉ်မပြတ်မှုအတွက် အချိန်မီဆောင်ရွက်ပေးနိုင်ခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို လွှမ်းခြုံဖြန့်ကြက် ဆောင်ရွက်နိုင်ခြင်း တို့သည် ရောဂါဖြစ်ပွားမှုကျဆင်းရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်ခဲ့သည်။

သို့သော် နယ်စပ်ဒေသတစ်လျှောက်တွင်ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့၏ နယ်စပ်များမှတစ်ဆင့် အထူးသဖြင့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှဝင်ရောက်လာကြသော ပြည်သူများသည် သက်ဆိုင်ရာဒေသမှ တာဝန်ရှိသူများအား သတင်းပေးပို့ခြင်း မရှိဘဲ ၎င်းတို့နေထိုင်ရာ ရွာများတွင် ပြန်လည်နေထိုင်ကြရာ ထိုကျေးရွာများတွင် ရောဂါဖြစ်ပွားမှုများ အများအပြားဖြစ်လာသည်ကို သိရှိပြီးနောက် ကျန်းမာရေး စစ်ဆေးသောအခါ ပိုးတွေ့လူနာများ တွေ့ရှိခဲ့သည်။ ထိုသို့ ပြန်လည်ဝင်ရောက် လာသူများအား ဒေသမှတာဝန်ရှိသူများအနေဖြင့် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အလိုက် ကြပ်မတ်ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသများတွင် ရောဂါကူးစက် ဖြစ်ပွားမှုကျဆင်းပြီး တစ်နိုင်ငံလုံး ရောဂါကူးစက်မှုနှုန်းများ သိသိသာသာ ကျဆင်း လာမည်ဖြစ်သည်။

ထို့ကြောင့် မိမိတို့ရပ်ရွာတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ကြပ်ကြပ်မတ်မတ် စောင့်ကြည့်စစ်ဆေးသွားရန် လိုအပ်သည်။ ကိုဗစ်-၁၉ ရောဂါသည် တစ်နိုင်ငံလုံး လွှမ်းခြုံဖြစ်ပွားနေသည့် ကူးစက်ရောဂါဖြစ်၍ တစ်ယောက်မှသည် လူအများ ကူးစက်မှုမဖြစ်ပွား စေရန် အထူးသတိပြုရမည်ဖြစ်သည်။ သံသယရှိသူများအားလုံးအား စစ်ဆေးမှုနယ်ပယ်မကျန် ရစ်စေရန် သတိပြုဆောင်ရွက်ကြရန် လိုအပ်သည်။ ထို့ကြောင့် နယ်စပ်ဒေသကျေးလက်များပါမကျန် အသိပညာပေးရေး၊ ရောဂါထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံရေးတို့ကို အလေးထားဆောင်ရွက်ကြရမည် ဖြစ်သည်။ စစ်ဆေးမှုနယ်ပယ်များ မကျန်ရစ်စေဘဲ များများစစ်ဆေးပေးနိုင်မှသာ များများအဖြေသိပြီး ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ပါမှ ရောဂါဖြစ်ပွားမှု အမှန်တကယ်သိသာစွာ လျော့နည်းကျဆင်းလာပြီး ဖြေလျှော့မှုများ ဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ပြန်လည်အဆင်ပြေ လာမည်ဖြစ်ရာ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်ရေးတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်သူများအားလုံး အသိတရားဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။