နေပြည်တော် စက်တင်ဘာ ၁
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက ဦးဆောင်ရေးဆွဲခဲ့သော မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများ အပေါ် ကုစားရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (မူကြမ်း) အပေါ် ပုဂ္ဂလိကကဏ္ဍ၏ အကြံပြုချက်များအား စီမံချက်အဆိုပြုလွှာများနှင့်တကွ ဆွေးနွေးကြပြီး ဆွေးနွေးချက်များနှင့်ပတ်သက်၍ စီမံချက်တွင် လိုအပ်သလို ဖြည့်သွင်းနိုင်ရေးနှင့် စီမံချက်အား အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကကဏ္ဍက ထိရောက်စွာပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ညှိနှိုင်းခဲ့ကြသည်။
(သတင်းစဉ်)