နေပြည်တော် ဩဂုတ် ၃၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၃) ကုန်သည် လမ်းနှင့် စန္ဒကူးလမ်းထောင့်၌ တည်ဆောက်ထားသော Oxygen Plant ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
အခမဲ့ဖြန့်ဝေ
အဆိုပါ Oxygen Plant သည် ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိပြီး အရည်အသွေးမီ Full Medical Grade Oxygen အား တစ်နေ့လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ အိုး ၈၀ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသူများ၊ Tourism Clinic နှင့် အောက်ဆီဂျင် လိုအပ်လျက်ရှိသော နေရာများကို အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဖွဲ့စည်းတည်ထောင်ခြင်း (၅၄) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဖိလစ်ပိုင်နိုင်ငံခရီးသွားလာရေးဌာနမှ တာဝန်ယူ၍ “ASEAN Tourism Towards Recovery and Resiliency” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဖိလစ်ပိုင်ခရီးသွားလုပ်ငန်းဖိုရမ်သို့ Video Conferencing စနစ်ဖြင့် Online မှ ချိတ်ဆက် တက်ရောက်သည်။
ဖိုရမ်တွင် ဖိလစ်ပိုင်နိုင်ငံခရီးသွားလုပ်ငန်းဌာန အတွင်းရေးမှူး Ms. Bernadette Romulo Puyatı အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ် Mr. Satvinder Singh နှင့် ပြည်ထောင်စုဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ဆွေးနွေးပွဲတစ်ရပ်ဖြစ်
ပြည်ထောင်စုဝန်ကြီးက ယခု ဖိုရမ်သည် “ASEAN Tourism Towards Recovery and Resiliency” ဟူသောဆောင်ပုဒ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာစေရေး အတွက် အလေ့အကျင့် ကောင်းများနှင့် အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့များ၏ စုပေါင်း အားထုတ်နေမှုတို့ကို မျှဝေရေးအတွက် ထိရောက်ကောင်းမွန်သော ဆွေးနွေးပွဲတစ်ရပ် ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်မှ ကူညီပံ့ပိုးပေး
အဆိုပါဖိုရမ်သို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်ကြားရေးလုပ်ငန်းများ အပါအဝင် Tourism Stakeholder များနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများမှ စုစုပေါင်း ကိုယ်စားလှယ် ၆၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်း ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေ အနေ၊ စီမံချက်များ ချမှတ်အကောင်အထည်ဖော်နေမှုနှင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက် နစ်နာသော ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို နိုင်ငံတော်မှ ကူညီပံ့ပိုးပေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန် ကောင်းမွန်လာရေး အတွက် ဆောင်ရွက်နေမှု၊ ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တင်ပြ ဆွေးနွေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်