Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

(ယမန်နေ့မှအဆက်)

 

ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက မီဒီယာတစ်ခုကို မေးခွန်းတစ်ခုမေးမြန်းရန်နှင့် ထပ်နေသည့်မေးခွန်းများကို ထပ်မံမမေးမြန်းရန် မေတ္တာရပ်ခံလိုကြောင်း၊ နိုင်ငံတော်အဆင့် သတင်းစာရှင်းလင်းပွဲ ဖြစ်သည့် အတွက်အချို့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြစ်နေသည့်အရာများကို မိမိတို့အနေဖြင့် မသိနိုင်ပါကြောင်း၊ ထိုမေးခွန်းများ ကိုရှောင်ရှားပေး ရန်ပြောလိုကြောင်း ဦးစွာပြောကြားသည်။

 

Myanmar Public Press News Agency မှ သတင်းထောက် ဒေါက်တာစိုးမြင့်ဦးက ယခုအချိန်တွင် PDF များကို လက်ခံပြီး အကြမ်းဖက်လုပ်ငန်းများ၊ ဖောက်ခွဲရေးသင်တန်းများ ပေးနေသည့် လက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်တို့ ထိတွေ့မှုဖြစ်စဉ်များကိုသိလိုကြောင်း၊ အထူးသဖြင့် KIO/KIA၊ ကရင်ပြည်နယ်တွင် တပ်မဟာ(၅)နယ်မြေကို သိမ်းပိုက်လိုက်ပြီ၊ တပ်မဟာ(၆)တွင် ထိုးစစ်ဆင် နေပြီဟု online ပေါ်တွင် ထိုကဲ့သို့ သတင်းအမျိုးမျိုး တွေ့နေရသည့်အတွက် ထိုသတင်းများနှင့် ပတ်သက်ပြီး တိတိကျကျ သိရှိရရန်အတွက် ရှင်းလင်းပြော ကြားပေးစေလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက KIA နှင့် ပတ်သက်၍ ထိတွေ့တိုက်ပွဲများရှိကြောင်း၊ လက်တွေ့ ဖြစ်ပွားနေသည်မှာ တစ်ပတ်ကိုနှစ်ကြိမ်၊ သုံးကြိမ်နီးပါး ရှိကြောင်း၊ အဆိုးဆုံး ဖြစ်စဉ်မှာ ခလရ (၅၈)ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မျိုးရှိကြောင်း၊ ၎င်းတို့အနေဖြင့် လွန်ခဲ့သည့် ၂ ရက်ခန့်က ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကြေညာချက်ကဲ့သို့ ကြေညာလာခဲ့ကြောင်း၊ ထိုကြေညာချက်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ရှိသည့် MNDAA နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား မှုရှိကြောင်း၊ ကယားဘက်တွင် KNPP နှင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှု များရှိကြောင်း၊ ယခင်က မြို့ပေါ်အထိ ဖြစ်ပွားခဲ့မှုများရှိကြောင်း၊ ဒီးမော့ဆိုမြို့တွင် ရဲစခန်းကို တိုက်ခိုက်မှုမျိုးရှိကြောင်း၊ နောက်ပိုင်းမရှိတော့ဘဲ ထိုနေရာ ပတ်ဝန်းကျင်တွင်သာရှိသည်ကိုတွေ့ရကြောင်း၊ KNU တပ်မဟာ(၅) နယ်မြေဘက်တွင် တချို့ထိတွေ့ တိုက်ပွဲများရှိသော်လည်း ပြင်းထန်သည့်ထိတွေ့ တိုက်ပွဲများမရှိ ကြောင်း၊ ထူးခြားသည်မှာ ယခုရက်ပိုင်းအတွင်း တပ်မဟာ(၆) နယ်မြေ၌ ထိတွေ့မှုတချို့ ဖြစ်ပွား ခဲ့ကြောင်း၊ တနင်္သာရီဘက်၌ထိတွေ့ တိုက်ပွဲဖြစ်စဉ်မရှိကြောင်း၊ ရခိုင်ပြည်နယ် ဘက်တွင် တိုက်ပွဲဖြစ်စဉ်မရှိကြောင်း၊ ချင်းပြည်နယ်ဘက်တွင် မင်းတပ်၊ ထန်တလန်၊ ဟားခါးတစ်ဝိုက် ရွာများဘက်၌သာ ဖြစ်ပွားခဲ့ကြောင်း၊ ယခင်က မင်းတပ်မြို့ ပေါ်အထိဖြစ်ပွားခဲ့မှုရှိကြောင်း၊ ယခုနောက်ပိုင်းတွင် ရွာများဘက်တွင် လုံခြုံရေးအရ ဆောင်ရွက်ပေး နေရင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲမျိုးများရှိကြောင်း၊ အားလုံးခြုံငုံပြောရမည်ဆိုပါက EAO နယ်မြေများတွင် PDF အဖွဲ့များ ရောက်နေပြီး တိုက်ပွဲဖြစ်ပွားမှုများရှိကြောင်း၊ သို့သော်ပြောလိုသည်မှာ ယခင် ကတည်းက ရှိခဲ့သည့် တိုက်ပွဲပုံစံအမျိုးအစားများတော့ရှိကြောင်း၊ လုံခြုံရေးအရ ပိုမို၍ ဂရုတစိုက် ဆောင်ရွက်လျက်ရှိသည်ကို ပြောလိုကြောင်း ပြန်လည် ဖြေကြားသည်။

 

ဆက်လက်၍ Myanmar Public Press News Agency မှ သတင်းထောက် ဒေါက်တာ စိုးမြင့်ဦးက တပ်မဟာ(၆) နယ်မြေတွင် PDF များ အလုံးအရင်းဖြင့် အသတ်ခံရသည့် (Dead Body) များကို တပ်မတော်ကရှင်းလင်း ရာ၌တွေ့ရှိသည် ဆိုသည့်သတင်းအား အတည်ပြု၍ ရပါသလားဟု မေးမြန်းသည်။

 

စုံစမ်းဖော်ထုတ်နေဆဲ

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသတင်းမှာ အတည်ပြု၍မရကြောင်း၊ မိမိတို့ စုံစမ်းဖော်ထုတ်နေဆဲ သတင်းတစ်ခုအရ တပ်မဟာ(၅)နယ်မြေဘက်၌ PDF အဖွဲ့များမှ ထွက်ပြေးမှုများရှိကြောင်း၊ ထိုသို့ထွက်ပြေးသည့်လူများကို လှောင်အိမ်ထဲ ထည့်ထားသည့် ဖြစ်စဉ်မျိုးများရှိသည်ကို အတည်ပြုဆဲ သတင်းများအရသိရှိရကြောင်း ပြန်လည် ဖြေကြားသည်။

 

နေပြည်တော်တိုင်းမ် သတင်းအေဂျင်စီမှ အယ်ဒီတာဦးမင်းမောင်က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မ ၁၈၊ ပုဒ်မ ၅၂ တို့ကို လူငယ် တော်တော်များများက မသိရှိသည့် အတွက် လမ်းမှားသို့ရောက်ပြီး PDF များ နှင့် ပူးပေါင်း၍ ပါသွားသည်ကို ကြားသိရကြောင်း၊ နောက်ထပ်လမ်းမှား မရောက်သေးသည့် လူငယ်များကို ကျယ်ကျယ် ပြန့်ပြန့်သိစေချင်သည့် သဘောတရားကြောင့် ထိုပုဒ်မများကို အကျယ်တဝင့် ရှင်းပြပေးစေ လိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်း က အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့ရမှုများရှိကြောင်း၊ ပြင်ဆင်ခဲ့မှုများ နှင့် ပတ်သက်ပြီး သတင်းထောက်များ သတင်းများမေးနေ၍ Infomation Team တွင် အသေးစိတ်ပြောထား ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပြင်ဆင်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်လာမည့် အကြောင်းကို မိမိအနေဖြင့် အကျဉ်းချုံးပြောလို ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွင် အကြမ်းဖက်အုပ်စုများ၊ လှုံ့ဆော်မှုများ၊ အကြမ်းဖက်သမားများ ပါဝင်ကြောင်း၊ ထိုအထဲတွင် ပုဒ်မ ၃၊ ပုဒ်ခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၅)တွင် အကြမ်းဖက်အုပ်စုတစ်ခုခုတွင် ဖြစ်စေ၊ အကြမ်း ဖက်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဖြစ်စေ လူတစ်ဦးဦးအား ပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများဟု ပြဋ္ဌာန်းထားသော်လည်း အခန်း(၁၄) ပြစ်မှုနှင့်ပြစ်ဒဏ်အပိုဒ်တွင် ပြစ်မှု ပြစ်ဒဏ်ပြဋ္ဌာန်းချက် ထည့်သွင်းပြဋ္ဌာန်း ရန် ကျန်ရှိကြောင်း၊ ပုဒ်မ ၃ တွင် အကြမ်း ဖက်လုပ်ရပ် ကို အားပေးနေသည့်လူများ တိုက်တွန်းနေသည့်လူများ၊ စည်းရုံးသိမ်းသွင်းနေသည့် လူများ၊ စုဆောင်းရန်ပြုနေသည့်လူများ၊ ထိုလူများကို အပြစ်ပေးရန် ပြစ်မှုပြစ်ဒဏ် ပြဋ္ဌာန်းရန်အတွက် အခန်း(၁၄)တွင် ကျန်ရှိနေသည့်အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအား ပြင်ဆင်သည့်ဥပဒေကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥပဒေ (၂၁/၂၀၂၁) ဖြင့် ပြဋ္ဌာန်း ခဲ့ကြောင်း၊ ဖြည့်စွက်ပြဋ္ဌာန်းရာတွင် သဘောသဘာဝတူညီသည့် ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)ကို ဖြည့်စွက်ခြင်းဖြစ်ကြောင်း။

 

ဥပဒေထဲအကျုံးဝင်

 

ထိုသို့ ဆောင်ရွက်သည့်အတွက် ထိုသူများသည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်ခံရ မည်ဖြစ်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အသိပေးလိုသည်မှာ လက်ရှိဥပဒေ အရအကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ထားသော CRPH၊ NUG၊ PDF အဖွဲ့များကို တစ်ဦးတစ် ယောက်တည်းအနေဖြင့် ဖြစ်စေ၊ အခြားလူတစ်ဦးဦးအား ပါဝင်ရန် တိုက်တွန်းမှုများ၊ စည်းရုံးသိမ်းသွင်းမှုများ၊ ဝါဒဖြန့်မှုများ၊ လူသစ်စုဆောင်းမှုများ၊ သတင်းစုဆောင်းမှုများ၊ အချက်အလက်စုဆောင်းမှုများ ပြုလုပ်ပါက ထောင်ဒဏ် သုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အကြမ်းဖက်မှုကျူးလွန်ရန်အတွက် စာအားဖြင့်လည်းကောင်း၊ လူမှုကွန်ရက်တွင် ဖြစ်စေ၊ တယ်လီဖုန်း နှင့် အခြားဆက်သွယ်ရေးကိရိယာတစ်ခုခု ဖြင့်ဖြစ်စေ၊ နည်းပညာတစ်ခုဖြင့် တိုက်တွန်းမှုများ၊ စည်းရုံးသိမ်း သွင်းမှုများ၊ မဟုတ်မမှန် သတင်းဖြန့်ချိမှုများ၊ အကြမ်းဖက်အဖွဲ့ အစည်းဖြင့် ချိတ်ဆက်ရန်၊ လူသစ်စုဆောင်းမှုများ၊ အကြမ်းဖက် သမားများကို အကြမ်းဖက်မှု ပြုနိုင်ရန် သတင်းစုဆောင်းပေးမှုများ သည်လည်း ဥပဒေထဲတွင် အကျုံးဝင်မည်ဖြစ်၍ အားလုံးသိရှိကြရန် ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။

 

One News Channel မှ သတင်းထောက် ဦးမင်းဇင်က အာဆီယံနှင့် မြန်မာနိုင်ငံကြားတွင် ဧပြီ ၂၄ ရက်က ဆွေးနွေးသဘောတူညီခဲ့သည့် ဘုံသဘောတူညီချက်(၅)ချက်၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မည်သည့်အချက်များကို ဆောင်ရွက်ပြီးပြီလဲ၊ မည်သည့် အချက်များကို အဓိကထားဆောင်ရွက်နေသလဲ၊ ယခုအချိန်၊ အာဆီယံအထူးကိုယ်စားလှယ် အဖြစ် Mr. Erywan Yusuf ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးသည့် အချိန်တွင် မြန်မာနိုင်ငံက တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးပြီလား၊ မည်သည့်အချက် များကို ဆွေးနွေးနေသည်ကို သိလို ကြောင်း၊ နောက်တစ်ချက်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်တွင် အရေးကြီးသည့် နိုင်ငံအတွင်း၌ အကြမ်း ဖက်မှုကန့်သတ်ရေးနှင့် သက်ဆိုင်သူများ ကြားတွင် အပြုသဘောဆောင် တွေ့ဆုံ ဆွေးနွေးပြီး ငြိမ်းချမ်းရေး အဖြေရှာမည့် အခြေအနေကို အသေးစိတ် ရှင်းပြပေး စေလိုကြောင်း မေးမြန်းသည်။

 

သဘောတူ တုံ့ပြန်

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက အာဆီယံ ကိုယ်စားလှယ် ခန့်အပ်ရန်အတွက် သတင်းထုတ်ပြန်ခဲ့မှုရှိကြောင်း၊ ယခင်က အာဆီယံ ကိုယ်စားလှယ်ခန့်အပ်ရန် အာဆီယံနိုင်ငံများက သုံးဦး အဆိုပြုခဲ့ ကြောင်း၊ ထိုသုံးဦးထဲတွင် ထိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို ၎င်းတို့ အဆိုပြု သည့်လူကိုသာ မိမိတို့က သဘောတူ သည်ဟု တုံ့ပြန်ခဲ့ကြောင်း၊ ထိုသို့ တုံ့ပြန်သည့်အခါ ၂၀၂၁ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပခဲ့သည့် (၅၄)ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးတွင် ဘုံသဘောတူညီ ချက်မရဟုဆိုကြောင်း၊ ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး(၂)ကို ခန့်အပ်ပေး ရန်ပြောကြောင်း၊ ထို့ကြောင့် ယင်းအစည်း အဝေးတွင် မိမိတို့က တရားဝင်စာထုတ် ရန်တုံ့ပြန်ခဲ့၍ တရားဝင်စာပေးပြီး ဆက်လက်ဆွေးနွေးရာ မိမိတို့က၂၀၂၁ ခုနှစ် ဩဂုတ် ၄ရက် အစည်းအဝေးတွင် အဆိုပါ ဘရူနိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး(၂)ကို သဘောတူသည်ဟု တုံ့ပြန် ခဲ့ကြောင်း။

 

မိမိတို့အနေဖြင့် လုပ်ဆောင်ဖွယ်ရာ ရှိသည့်လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအထဲ တွင် ဘုံသဘောတူညီချက်(၅)ရပ် ရှိပြီး ဖြစ်ကြောင်း၊ ခန့်အပ်သည့်အချိန်တွင် မိမိတို့အနေဖြင့် မှတ်တမ်းတင်ပေးပါ ဟု မေတ္တာရပ်ခံခဲ့သည့် အချက်(၃)ချက်ရှိ ကြောင်း၊ ထိုအချက်(၃)ချက်ကို အနှစ်ချုပ်ပြောပေးမည်ဖြစ်ကြောင်း၊ ယခု ခန့်အပ်လိုက်သည့် အာဆီယံကိုယ်စား လှယ်အနေဖြင့်လည်း အာဆီယံခေါင်း ဆောင်များ အစည်းအဝေး ကြေညာချက်ပါ တူညီဆန္ဒ(၅)ချက်နှင့်အညီ ၎င်း၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပါဟု မိမိတို့ပြောထား ကြောင်း၊ ထိုအတိုင်း မိမိတို့က လိုက်နာဆောင်ရွက်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အားလုံးကို အာဆီယံသဘောတူချက် (၅)ချက် အတိုင်းသာ ဆောင်ရွက်ပေးရန်အတွက် လမ်းဖွင့်ပေးပြီး၊ သဘောတူပြီးဖြစ်သည် ဟုပြောလိုကြောင်း၊ မည်သည့်အဆင့် ရောက်ပြီဆိုလျှင် မိမိတို့အနေဖြင့် ထိုအာဆီယံ ကိုယ်စားလှယ်နှင့် ပတ်သက်ပြီး သဘောတူသည့်အဆင့် လမ်းဖွင့်ပေးထားသည့် အဆင့်ရောက်ပြီး ဖြစ်ကြောင်း၊ ဥပမာပြောရမည်ဆိုပါက ယခုသတင်းစာရှင်းလင်းပွဲသို့ တက် ရောက်နိုင်ရန်လည်း ဖိတ်ခေါ်ခဲ့ပါ ကြောင်း ပြန်လည်ဖြေကြားသည်။

 

 

Sankei Shimbun သတင်းစာ၏ ဌာနေသတင်းထောက် ဒေါက်တာ ဇော်သန်းက ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်ပြီး သေဆုံးမှုနှုန်းက ဇူလိုင်လ တွင် တစ်ရက်ကို ၂၀၀ ကျော်ခန့်ရှိနေပြီး ယခုဩဂုတ်လ တတိယ အပတ်တွင် အတော်ပင် ကျဆင်းသွားကြောင်း၊ ဤသည်မှာ ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု၊ တစ်နေရာမှ တစ်နေရာ ကူးလူးမသွားလာခြင်းလည်း ပါကြောင်း၊ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးထိုးပေးနိုင်သည့် အတွက်ကြောင့် လည်းပါကြောင်း၊ ယခင် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ပြောခဲ့ဖူးသည့် မိန့်ခွန်း တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို မိမိတို့နိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် အတွက်ရုရှားနိုင်ငံနှင့် ပူးပေါင်းထုတ်လုပ် နိုင်ရန် အစီအစဉ်ရှိသည့် အလားအလာ  ကို သိလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စ နှင့်ပတ်သက်ပြီး မိမိပြောပြမည့် တစ်ယောက်အနေဖြင့် ပြောခြင်းမဟုတ် ကြောင်း၊ မိမိနားလည်သမျှကို သတင်း ထောက်များကို Share လုပ်ခြင်းဖြစ် ကြောင်း၊ မိမိပြောမည့် အကြောင်းအရာ များထဲတွင် ပညာရှင်ဆန်ဆန်ပြောခြင်း မဟုတ်သည့်အတွက် မှားနိုင်သည့် အချက်အလက်များ ပါကြောင်း၊ သို့သော် လည်း ယေဘုယျအားဖြင့် ဤအတိုင်း သာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးလည်းရှိကြောင်း၊ ဖြည့်စွက်၍ ပြောပြပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြန်မာနိုင်ငံ အတွင်း၌ ထုတ်ချင်သည့် နံပါတ်(၁) အချက်မှာ အိန္ဒိယမှ ကာကွယ်ဆေးအလုံး သန်း ၃၀ ဝယ်ခဲ့ကြောင်း၊ ဝယ်ယူသည့် အခါ ၂ သန်းရရှိပြီး ၁ ဒသမ ၅ သန်းကို  လှူကြောင်း၊ ထိုသို့ရရှိပြီး နောက်ပိုင်းတွင် ကာကွယ်ဆေးကို မရတော့ကြောင်း၊  ၎င်းကိုလည်း အပြစ်ပြော၍မရကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့နိုင်ငံတွင် လည်းရောဂါဖြစ်နေ၍အခြားနိုင်ငံများကို လည်း မရောင်းနိုင် တော့ကြောင်း။

 

ယခုအချိန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရန် မိမိတို့တစ်နိုင်ငံ တည်း ကြိုးစားနေခြင်းမဟုတ်ဘဲ ကျန် နိုင်ငံများကလည်း ကြိုးစားနေကြ ကြောင်း၊ အမှာစာများကို ယခင်ကတည်း က ပို့ထားပြီးဖြစ်ကြောင်း၊ သို့သော်မရ တော့၍ တရုတ်နိုင်ငံသို့ ကိုဗစ်- ၁၉  ရောဂါကာကွယ်ဆေးဝယ်မည်ဟု အမှာ စာပို့ရကြောင်း၊ မိမိတို့၏ အရှေ့၌ တရုတ် နိုင်ငံတွင် အမှာစာများ များစွာရှိ ကြောင်း၊ သို့သော် ၎င်းတို့က အိမ်နီးနား ချင်းကောင်း ပီသစွာပေးသည့်အတွက် ယခုအချိန်မီ ထိုးနိုင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် (ဥပမာ မိမိတို့ အားကိုးနေသည့် နိုင်ငံတစ်နိုင်ငံက (ကိုဗစ်- ၁၉ ရောဂါထပ်ပြီးဖြစ်သည်ဆို လျှင် မိမိတို့ကိုပေးသည့် ဆေးပေးနိုင်ဦး မည်လား ) မည်မျှပင် ပိုက်ဆံပေးထား သည်ဖြစ်စေ အိန္ဒိယနိုင်ငံဆိုလျှင် အလုံး သန်း ၃၀ အတွက် ငွေချေပြီးဖြစ်ပါ ကြောင်း၊ မပေးနိုင်သေးပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် ထုတ်နိုင်လျှင် စိတ်အချရဆုံးဆိုပြီး မိမိတို့နိုင်ငံတွင်  ထုတ်ရန်လုပ်နေပါကြောင်း၊ မိမိတို့လုပ် သည့်အခါတွင် ရုရှားနှင့် ညှိနှိုင်းပါ ကြောင်း၊ တရုတ်နိုင်ငံနှင့် လည်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံလုံးနှင့် ဆောင်ရွက်ပြီးလုပ်နေပါ ကြောင်း၊ မိမိပြောနိုင်သည်မှာ မြန်မာ နိုင်ငံအတွင်းတွင် ယခုနှစ်မကုန်မီတွင် ထုတ်လုပ်နိုင်သည့် အလားအလာ များသည်ဟုပြောလိုပါကြောင်း ပြန်လည် ဖြေကြားသည်။

 

 ဆောင်ရွက်ဆဲ အဆင့်သာ

 

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ဖြည့်စွက် ကြားရာတွင် ကာကွယ်ဆေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံက Viral Vector  ဟုခေါ်သည့် Modify လုပ်ထားသည့်  ဆေးကိုဝယ်ယူပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလည်း Inactivated ဟု ခေါ်သည့် ပိုးအရှင်နှင့်သုံးသည့် ဆေးကို လည်းသုံးပါကြောင်း၊ ထို့အတူ ရုရှားနိုင်ငံ က Sputnik ဆေးကလည်း Viral Vector အမျိုးအစား တစ်မျိုးပင် ဖြစ်ကြောင်း၊ ယင်းကိုလည်း မိမိတို့ကြိုးစားပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်ရန်အတွက် စက်မှုဝန်ကြီးဌာနတွင်ရှိသည့် ကာကွယ် ဆေးစက်ရုံတွင် ထုတ်လုပ်ရန်အတွက် စက်မှုဝန်ကြီးဌာန၊ သက်ဆိုင်ရာ ကုမ္ပဏီ၊ ကျန်းမာရေးဝန်ကြီးဌာနတို့ ဆွေးနွေးနေ ပါကြောင်း၊ ဆွေးနွေးပြီးပါက ၎င်းတို့မှ ပစ္စည်းများ လာရောက်လုပ်မည်ဆိုပါက မိမိတို့က ပုလင်းထဲထည့်ပြီး ကာကွယ် ဆေးများ ထုတ်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုကာကွယ်ဆေးကို နိုင်ငံတကာအဆင့် မီသုံးစွဲနိုင်သည့် အဆင့်ရောက်ရန်၊ ပြည်သူများ အန္တရာယ်မရှိရန် FDA Approval ရရန် ကြိုးစားပြီး ဆောင်ရွက် သွားမည်ဖြစ်သည့်အတွက် ယခုအခါ ဆောင်ရွက်ဆဲအဆင့် တွင်သာရှိသည်ကို မိမိအနေဖြင့်ပြောလိုပါကြောင်း ဖြေကြား သည်။

 

ဆက်လက်ပြီး ခေတ်ပုံရိပ်ဂျာနယ်မှ သတင်းထောက် ဦးနေမင်း(သထုံ)က မြို့နယ်အသီးသီးတွင်ရှိသည့် ပုဒ်မ-၅၀၅ နှင့် ဖမ်းဆီးခံထားရသည့် လူများကို ပထမအကြိမ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် စိစစ်ပြီး လွှတ်ပေးသည်ဟု သိရပါကြောင်း၊ ဒုတိယအကြိမ်ပြန်လွှတ် ပေးရန်ရှိ/ မရှိ သိလိုပါကြောင်း မေးမြန်း သည်။

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စ နှင့်ပတ်သက်၍ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းခြင်းဟူ၍ ဇူလိုင် ၂၀ ရက်တွင် ကြေညာပြီးဖြစ်ပါ ကြောင်း၊ အပိုဒ် ၁ တွင် ကိုဗစ်- ၁၉ ရောဂါကြောင့် နှောင့်နှေးကြန့်ကြာနေ ခြင်းများရှိပါကြောင်း၊ ထို့ကြောင့် စွပ်စွဲ ခံရသည့်နိုင်ငံသားများကို သက်သာစွာ စဉ်းစားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၄၁၉ အရ အမိန့်ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုအထဲတွင် ဖေဖော်ဝါရီ ၁ ရက်နှင့် ထိုနေ့မတိုင်မီက ပြစ်မှုများနှင့် သက်ဆိုင် ရာတရားရုံးတွင် စွဲဆိုထားသည့် ပြစ်မှု ဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံ များကို အမှုမှလွှတ်ရမည်ဟု ပြောပါ ကြောင်း၊ ထိုအထဲတွင် အမှုအမျိုးအစား ပေါင်း ၁၁ မျိုးပါဝင်ပြီး ထို ၁၁ မျိုးတွင် ပါဝင်သူများက လွတ်ခွင့်ရမည် ဖြစ်ပါ ကြောင်း၊ သတင်းထောက်ကြီးပြောသည့် ပုဒ်မ မပါဝင်သေးပါကြောင်း၊ သို့သော် ပုဒ်မ- ၅၀၅ သည် ထိုထဲတွင် မပါဝင်ဘဲ အဘယ့်ကြောင့် လွတ်လဲဆိုလျှင် ကန့်သတ်ချက်များ၊ စံချိန်စံညွှန်းများ ရှိကြောင်း၊ ထဲထဲဝင်ဝင် ပတ်သက်ခြင်း မရှိသည့်သူများ၊ အခြားသူများ၏ သွေးထိုးမှုကြောင့် လုပ်ရသူများ၊ ယခု အချိန်တွင် မလုပ်ပါဟု ဝန်ခံထားသူများ၊ ထိုသူများကို စိစစ်ပြီး လုပ်ဆောင်နေဆဲ ဖြစ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ယခင်တစ်ပတ်က လူ ၃၀၀ ကျော် စိစစ်ပြီး တင်ပြီး လူ ၂၀၀ ခန့် လွှတ်ပေးခဲ့ပါကြောင်း၊ အစီအစဉ်ရှိပါ ကြောင်း၊ ထိုအတိုင်းသာလုပ်မည် ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။

 

ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး ကျော်လင်းက ၅၀၅(က) နှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် ၂၂၉၆ ဦးကို ပြန်ပြီးဖြေလျှော့ပေးခဲ့ခြင်း ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဖြေလျှော့ ပေးရန် တင်ပြသည်များကို သေချာစိစစ် ပြီး ထဲထဲဝင်ဝင် မဟုတ်သည်များကို လည်း စိစစ်ပြီး ဖြေလျှော့ပေးနေခြင်းများ လည်းရှိပါကြောင်း၊ အချို့မှာလည်း စိုးရိမ် စိတ်ကြောင့် တိမ်းရှောင်နေခြင်းများ လည်းရှိပါကြောင်း၊ ၎င်းတို့၏ဆန္ဒအလျောက် သတင်းပို့ဆက်သွယ်လာပါက ရေးဖွင့် ထားသည့်အမှုများကိုပြန်လည်ပိတ်သိမ်း၊ ရုပ်သိမ်းပေးမည်ဖြစ်ကြောင်းကို တရားဝင် သတင်းစာများ၌ ကြေညာထားခြင်းများ ရှိပါကြောင်း၊ ယခုအချိန်ထိ ထိုသို့  လာရောက်ဆက်သွယ်သူ နိုင်ငံ့ဝန်ထမ်း များ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူ အရပ်သား များ စုစုပေါင်း ယမန်နေ့အထိ ၅၉၁ ဦးရှိပါကြောင်း၊ ၎င်းတို့၏ အမှုများကို စိစစ်ပြီး ဖြေလျှော့ပေးခြင်းများ ရှိပါ ကြောင်း ဖြည့်စွက်ဖြေကြားသည်။

 

Myanmar National Post သတင်း ဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ ခြောက်လတာ သက်တမ်း တစ်လျှောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏မိန့်ခွန်းကို နားထောင်ပြီး သည့်အချိန်တွင် တပ်မတော်အပေါ် ကို များစွာကိုယ်ချင်းစာမိပါကြောင်း၊ မိမိတို့မပြောလျှင် ဗိုလ်ချုပ်တို့အနေဖြင့် မသိနိုင်ခြင်းကြောင့်သာ အားနာနာနှင့် မေးရခြင်းဖြစ်ပါကြောင်း၊ အဓိက မီတာ ဘေလ်များ ဖြစ်ပါကြောင်း၊ မီတာဘေလ် စာရွက်များသည် လစဉ်မရောက်ရှိပါ ကြောင်း၊ ရောက်လာသည့်အချိန်တွင် ပေါင်းပြီးရောက်လာ ပါကြောင်း၊ အချို့ မီတာများသည် ပုဂ္ဂလိကကို ပေးထား သည်ဟု သိရပါကြောင်း၊ မီတာဘေလ် သွားတောင်းသော်လည်းမီတာဘေလ်က  မရှိသေးဘူးဟု ပြောပါကြောင်း၊ နောက်မှ ၄/ ၅ စောင် ပေါင်းပြီးရောက် ပါကြောင်း၊ ယခုအချိန်တွင် ပြည်သူကပေးသည့် ဒုက္ခကို ပြည်သူများခံစားနေရပါကြောင်း၊ မီတာဘေလ်ကို ပုံမှန်လာစေလိုပြီး Mobile Banking များဖြင့်ဆောင်လိုပါ ကြောင်း၊ ခြောက်လတာ သက်တမ်း  တစ်လျှောက်တွင် ယုံကြည်စွာနှင့် ATM ကတ်များကို တစ်နေ့ငါးသိန်း ထုတ်ပေး သည့်အချိန်ကပင် မိမိတို့ မထုတ်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့တွင် ငွေကြေး ခက်ခဲမှုများ ရှိပါကြောင်း၊ မိမိသာမဟုတ် ပါဘဲ မိမိတို့ဖြစ်ပါကြောင်း၊ ငွေကြေး အခက်အခဲ အများကြီးရှိသည့်အတွက် Mobile Banking ဖြင့်တရားဝင်ဆောင်၍ ရသည်ဆိုသော်လည်း အမှန်တကယ် ပေးဆောင်ရာတွင် အခက်အခဲများစွာ ရှိနေပါကြောင်း၊ မိမိတို့သည် အခွန်ထမ်း  လိုသည့် ပြည်သူများဖြစ်သည့်အတွက် မီတာဘေလ်ပေးဆောင်ရာတွင် Mobile Banking ဖြင့် လွယ်လွယ်ကူကူ ပေး ဆောင်နိုင်ရန်အတွက် ဗိုလ်ချုပ်တို့အနေ ဖြင့် စီစဉ်ပေးရန်အစီအစဉ်ရှိ/ မရှိ မေတ္တာ ရပ်ခံမေးမြန်းလိုပါကြောင်း၊ ငွေကြေး အခက်အခဲသည် ငွေသားအခက်အခဲ အတော်ပင်ခက်ခဲနေ၍ ဖြစ်ပါကြောင်း မေးမြန်းသည်။

 

 စုံစမ်းဖော်ထုတ်လျက်ရှိ

 

ဗိုလ်ချုပ် ဇော်မင်းထွန်းက အစီအစဉ် ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေး ကောင်စီ အစည်းအဝေးလုပ်သည့်  အခါတွင် အချို့ကောင်စီဝင်များတင်ပြပါ ကြောင်း၊ သတင်းထောက်ကြီးတင်ပြ သလို အခက်အခဲရှိသည်များကို တင်ပြပါ ကြောင်း၊ မီတာနှင့်ပတ်သက်ပြီး မီတာ ဘေလ်စာရွက်ရောက်ရုံမကဘဲ ဖုန်းများ ထဲသို့ရောက်ရန် စီစဉ်ဆောင်ရွက်နေပါ ကြောင်း၊ အချိန်တော့ နည်းနည်းစောင့် ရမည်ဖြစ်ကြောင်း၊ နောက်တစ်ခုက မိမိတို့လည်း သိပါကြောင်း၊ အချို့ဘဏ် များက ၎င်းတို့ထဲတွင် မီတာခပေးဆောင် သည့်စနစ်ရပြီဟု ပြောကြောင်း၊ သို့သော် တမင်သက်သက်ကို ပိတ်ထားတာရှိ ကြောင်း၊ ၎င်းတို့ Website ထဲက ညွှန်ကြားထားသည့်အတိုင်း မီတာခ သွင်းလိုလျှင် လုပ်ဆောင်ရမည့် ညွှန်ကြားချက်အတိုင်း လိုက်လုပ်သော် လည်း သွင်း၍မရဟု သိရကြောင်း၊ ယင်းတို့ကိုလည်း တိတိကျကျ စုံစမ်း ဖော်ထုတ်လျက်ရှိပြီး ပြောရန်အချိန်မကျ သေးသည့်အတွက် မပြောနိုင်သေး ကြောင်း ပြန်လည်ဖြေကြားသည်။

 

ဆက်လက်ပြီး Myanmar National Post သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက ကိုဗစ်ကိစ္စနှင့် ပတ်သက်ပြီး ကာကွယ်ဆေးထိုးရန်ပြောသွားသည်  ကို ထောက်ခံပါကြောင်း၊ မိမိနှင့် မိမိ အမျိုးသားကိုယ်တိုင် ကိုဗစ်ရောဂါဖြစ်ခဲ့ ပါကြောင်း၊ ကိုဗစ်ကာကွယ်ဆေးလည်း  ထိုးခဲ့ပါကြောင်း၊ ကိုဗစ်ကာကွယ်ဆေး  ထိုးထားသော်လည်း ကိုဗစ်ရောဂါဖြစ် တတ်ကြောင်း၊ သို့သော် ခံစားရနှုန်းက များစွာသက်သာကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးပေးခဲ့သည့် တပ် မတော်အစိုးရကို အထူးကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။

 

(ဆက်လက်ဖော်ပြပါမည်)