Skip to main content

အကြမ်းဖက်မှုများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် သတင်းပေး သူနှင့် ဖမ်းဆီးသူများအား ထိုက်တန်စွာဆုချီးမြှင့်မည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်

နေပြည်တော်၊ ဩဂုတ် ၃၁

၁။    အကြမ်းဖက်အုပ်စုများဖြစ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ယင်းကအမည်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF) အဖွဲ့များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မပြုနိုင်စေရန်အတွက် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်၊ ပြည်သူလူထုအား ကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အားထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိပါသည်။ 

၂။    အကြမ်းဖက်မှုများသည် ပြည်သူတို့၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိပြီး စိုးရိမ် ကြောက်လန့်မှုများ ဖြစ်ပေါ်စေကာ၊ နိုင်ငံနှင့် လူမျိုးဂုဏ်သိက္ခာနိမ့်ကျစေသည်ဖြစ်၍ ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် အထူးလိုအပ်ပါသည်။

၃။    အကြမ်းဖက်မှုဆိုသည်မှာ မိမိကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတို့နှင့်စပ်လျဉ်း၍ အောက်ပါပြုလုပ်မှုတစ်ခုခုကို  ပြုလုပ်ပါက အကြမ်းဖက်မှုကျူးလွန်ရာရောက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်-

(က)    အကြမ်းဖက်အုပ်စုတစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်စေပါဝင်စေရန် တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန် ပြုလုပ်မှုများ၊

(ခ)    အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မပြုနိုင်စေရန်၊ လွတ်မြောက်စေရန် ထိန်ချန်ခြင်း၊ သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့် ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း၊ ဝှက်ထားခြင်း၊

(ဂ)    အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို အဆောက်အအုံနှင့် နေရာ တစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့် သင်တန်းပေးရန်၊ သယ်ယူပို့ဆောင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြုလုပ်မှုများ၊

(ဃ)    အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခုအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ယင်းကဲ့သို့ ပြုလုပ်ရန်ညွှန်ကြားခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း။

၄။  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရပါက အရေးယူခြင်းခံရသူပိုင် ငွေကြေးနှင့် ပစ္စည်းများကို ထိန်းချုပ်သိမ်းဆည်းခြင်း ခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရပါမည်။

၅။    အကြမ်းဖက်မှုများတိုက်ဖျက်ရာတွင် သတင်းရရှိရေးသည် အလွန်အရေးကြီးပါသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများနှင့်စပ်လျဉ်း၍ သိရှိထားသည့် သတင်းများ၊ အကြမ်းဖက်မှုဖြစ်စေရန် အင်တာနက်၊ ဖေ့စ်ဘုတ်တို့တွင် လုပ်ကြံဖန်တီးထားသော သတင်းမှားများ ထုတ်လွှင့်နေသူများကို သက်ဆိုင်ရာရဲစခန်း၊ လုံခြုံရေးအဖွဲ့အစည်းများသို့ သတင်းပေးရန် လိုအပ်ပါသည်။ သတင်းပေးသည့် တာဝန်သိပြည်သူများနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်-

(က)    သတင်းပေးသူသည် မိမိ၏အမည်၊ နေရပ်တို့ကို ဖော်ပြခြင်းမပြုဘဲ သတင်းပေးနိုင် ပါသည်၊

(ခ)    သတင်းပေးသူအား အထူးလျှို့ဝှက်ထားမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်း၊ သက်သေခံ စေခြင်း လုံးဝပြုလုပ်မည် မဟုတ်ပါ၊

(ဂ)    သတင်းပေးသူ၏ လုံခြုံမှု၊ ၎င်းနှင့် ဆက်စပ်ပတ်သက်သူများ၏ လုံခြုံမှုတို့ကို တာဝန်ယူပေးမည် ဖြစ်ပါသည်၊

(ဃ)    သတင်းမှန်ကန်မှုနှင့် ဖော်ထုတ်ဖမ်းဆီးရရှိမှု အပေါ်မူတည်၍ သတင်းပေးသူနှင့် ဖမ်းဆီး သူတို့အား ငွေပမာဏကန့်သတ်မထားဘဲ ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့် ပေးမည် ဖြစ်ပါသည်။

၆။    သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် မိမိတို့၏ လူမှုဘဝလုံခြုံမှု အပြည့်အဝရရှိစေရန်နှင့် စိုးရိမ် ကြောက်လန့်မှုများမှ ကင်းဝေးစေရန် မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမားများ၊ အကြမ်းဖက် အုပ်စု တစ်ခုခု၏ အဖွဲ့ဝင်များမရှိစေရေး ဝိုင်းဝန်းဖော်ထုတ်ပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့