မန္တလေး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများသည် မြို့နယ်များအတွင်းရှိ အခြေခံအိမ်ထောင်စုဝင်များ အတွက် အခြေခံစားသောက်ကုန် ဆန်များကို ယနေ့နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ ၁၂ လမ်းနှင့် ၇၇ လမ်းထောင့်၊ ဓမ္မနိဗဒ္ဓထားဝယ် ဓမ္မာရုံကြီးနှင့် ၈၆ လမ်း၊ ၁၃ လမ်းနှင့် ၁၄ လမ်းကြား၊ ကိုးခန်းဓမ္မာရုံ၌ ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးမှုအစီအစဉ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အိမ်ထောင်စု ဝင်များအားတွေ့ဆုံ၍ ထောက်ပံ့ပေးရခြင်းရည်ရွယ်ချက်များ၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုတို့ဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုများကြောင့်ရောဂါကူးစက် သေဆုံးမှု သိသာစွာကျဆင်းလာမှုများ၊ ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ရေးလမ်းညွှန်ချက်များကို တိကျစွာ ဆက်လက်လိုက်နာရန်အချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများကို မြို့နယ်အလိုက် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နေသည့် အစီအမံများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက အိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်နှုန်းဖြင့် ထောက်ပံ့ ပေးအပ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၉၈ အုပ်စု၊ အိမ်ထောင်စု ၄၈၇၀၈ စု၊ လူဦးရေ ၂၀၅၆၈၀ တို့အတွက် ငွေကျပ် ၂၅၀၅၂၃၀၀ တန်ဖိုးရှိ ဆန်အိတ် ၁၂၁၇၇ အိတ်ကို ထောက်ပံ့ ပေးမည်ဖြစ်ရာ ယနေ့ထောက်ပံ့ပေးအပ်ပွဲတွင် အောင်မြေသာစံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၁၂၄၇ စု၊ လူဦးရေ ၄၈၈၈ ဦးအတွက် ငွေကျပ် ၅၀၇၇၇၆၅ တန်ဖိုးရှိ ဆန်အိတ် ၃၁၁ အိတ်ကျော်ကို ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ကျန်ရှိမြို့နယ်များကိုလည်း ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်