Skip to main content

ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးခြင်းသည် အသက်အန္တရာယ်ကာကွယ်နိုင်ရေးဖြစ်

ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း တစ်နေ့ထက်တစ်နေ့ ကျဆင်းလျက် ရှိရာ လက်ရှိအခြေအနေတွင် ၁၀ ရာခိုင်နှုန်းဝန်းကျင်ခန့်သာ ရှိတော့သည်ကို တွေ့ရသည်။ ဤသည်မှာ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် စီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ တက်ညီလက်ညီဆောင်ရွက်မှုကြောင့် ရရှိလာသည့်ရလဒ်ကောင်း ဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ သည် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့နေသည့် ကပ်ရောဂါဖြစ်သည့် အလျောက် နိုင်ငံပြင်ပမှ ဝင်ရောက်ကူးစက်မလာရေးနှင့် ပြည်တွင်းကူးစက်မှုများကိုလည်း သတိ၊ ဝီရိယဖြင့် မပြတ်တမ်းစောင့်ကြည့်နေရဦးမှာ ဖြစ်သည်။

ရောဂါကူးစက်မှုရှိမရှိမှာ ကိုဗစ်-၁၉ ရောဂါ၏ လှည့်စားတတ်သည့် သဘောအရ လူပုံကိုကြည့်ရုံမျှဖြင့် မသိနိုင်။ ဗိုင်းရပ်စ်ပိုးကူးစက် ခံထားရသူကိုယ်တိုင်သည်ပင်လျှင် မည်သည့်ရောဂါလက္ခဏာမှ မခံစားရဘဲ ပုံမှန်အတိုင်းနေရင်း အခြားသူများကို ရောဂါကူးစက်အောင် ဖြန့်ဝေသူဖြစ်နေတတ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေသူ များအနက်မှ အချို့မှာ ပြန်လည်ဝင်ရောက်လာကြပြီး သက်ဆိုင်ရာသို့ သတင်းမပို့၊ ဆေးစစ်ဆေးခြင်းလည်းမရှိဘဲ ရပ်ရွာတွင် ပြန်လည် နေထိုင်ကြရာမှရောဂါကူးစက်ပျံ့နှံ့မှုများလည်းရှိရာ ရောဂါစစ်ဆေးမှု များကို ကြပ်ကြပ်မတ်မတ်ဖြင့် များများနှင့် မြန်မြန်စစ်ဆေးနိုင်မှသာ ရောဂါကူးစက်မှုများကို မြန်မြန်ဖြတ်တောက်နိုင်မည် ဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု ရှိ မရှိ စစ်ဆေးရာတွင်လူနာထံမှ အာခေါင်နှင့် နှာခေါင်းတို့ဖတ်နမူနာကို ရယူ၍ RT-PCR ခေါ် စက်ကြီးဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် Rapid Antigen Test Kit ဖြင့် စစ်ဆေးခြင်း ဟူသော နည်းလမ်းများဖြင့် စစ်ဆေးပြီး ဓာတ်ခွဲအတည်ပြု လူနာများကို ဖော်ထုတ်လျက်ရှိသည်။ အဆိုပါနည်းလမ်းနှစ်မျိုးအနက် မည်သည့်နည်းလမ်းဖြင့် စစ်ဆေးသည်ဖြစ်စေ လူနာ၏ အာခေါင်နှင့် နှာခေါင်းနောက်ပိုင်းတွင် ရောဂါပိုးအများဆုံးရှိနိုင်သည့် အချိန် ဖြစ်သော ရောဂါလက္ခဏာ စပြပြီးနောက် ၃ ရက်မှ ၆ ရက်ကြားတွင် တို့ဖက်နမူနာရယူနိုင်ရန် လိုအပ်သည်။ အာခေါင်၊ နှာခေါင်း တို့ဖတ် နမူနာရယူခြင်းသည် မိနစ်ပိုင်းမျှသာဖြစ်ပြီး နာကျင်ခြင်း မရှိ၊ အန္တရာယ်လည်း မရှိ၊ ကြောက်ရွံ့ ထိတ်လန့်စရာ မလိုသော စစ်ဆေးမှုသာဖြစ်သည်။ အာခေါင်နှင့် နှာခေါင်းနောက်ပိုင်းတွင် တွယ်ကပ်နေသည့် ဗိုင်းရပ်စ်ပိုးများကို နှိုက်ယူခြင်းဖြစ်၍ နှာခေါင်း ယားတက်သူတို့ နှာချေချင်သလို၊ နှာမွှန်သလို ခံစားရမှု အနည်းငယ်မှ လွဲ၍ ဘာမှမခံစားရသည့် စစ်ဆေးမှု ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။

"ဆေးစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ရှည်စွာဖြင့် နည်းစနစ်တကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊ အချို့သောသူများသည် အာခေါင် တို့ဖက်၊ နှာခေါင်းတို့ဖက်ခံယူရမည်ကို ကြောက်ရွံ့ထိတ်လန့်မှုများ ရှိသဖြင့် စစ်ဆေးမှုခံယူသူများ ကိုလည်း ကြောက်ရွံ့မှုမရှိစေရန် နားလည်သဘောပေါက်အောင် ရှင်းပြပေးရမည်ဖြစ်ကြောင်း၊ ဆေးစစ်မှု လုပ်ငန်းများသည် အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ရေး လုပ်ဆောင်ပေးသည့် လုပ်ငန်းဖြစ်သဖြင့် စစ်ဆေးမှုလုပ်ဆောင်ရန် လိုအပ်သူများ မကျန်ရှိအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း” ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ် မြောက် ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့ရာ ပြည်သူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား စည်းရုံးရင်း စစ်ဆေးရန်လိုအပ်သူများ မကျန်သည်အထိ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ထမ်းများ နှင့်တကွ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်သွားကြခြင်းဖြင့် ဆေးစစ်မှု လုပ်ငန်းစဉ် အောင်မြင်မည်ဖြစ်သည်။

များများစစ်ဆေးပြီး မြန်မြန်ဖော်ထုတ်နိုင်သည်နှင့်အမျှ ကိုဗစ်၁၉ ရောဂါကူးစက်မှုကို မြန်မြန်ကုသရင်း တစ်ဖက်တွင်လည်း ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ရာ ရောဂါရှာဖွေဖော်ထုတ်မှု လုပ်ငန်းစဉ်တွင် ပြည်သူအားလုံး ပါဝင်နိုင်ကြပါစေကြောင်း။