Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ နေပြည်တော် ဇေယျာသီရိမြို့နယ် ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၃၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ တာဝန်ခံကျောင်းအုပ်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အခါ အေးချမ်းစွာ ပညာသင်ကြား သင်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်း၌ လိုအပ်ချက်များရှိပါက စနစ်တကျတင်ပြ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ သင်ကြားရေးနှင့် စီမံခန့်ခွဲရေး အရည်အသွေးတိုးတက် ကောင်းမွန်ရန် အမြဲကြိုးစား ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ပညာရေး မိသားစုများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို စနစ်တကျ လိုက်နာကျင့်သုံးကြရမည်ဖြစ်ပါကြောင်း၊ အခက်အခဲများ ရှိပါက သတင်းပို့တင်ပြကြရန်နှင့် လိုအပ်ချက်များ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဆောင်အတွင်းရှိ စာသင်ခန်းများ၊ သိပ္ပံလက်တွေ့ခန်းများ၊ အားကစားရုံ၊ အားကစားခန်းမများ၊ ဘောလုံးကွင်းများကို လိုက်လံ ကြည့်ရှုစစ်ဆေး၍ သိပ္ပံလက်တွေ့ခန်းသုံး ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး၊ အားကစားရုံ၊ ဘောလုံးကွင်း၊ ပြေးလမ်းပတ်လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးတို့ကို မှာကြားသည်၊၊

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်ပြီး ကျောင်းဆောင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို မှာကြားသည်။ ယင်းနောက် အဆိုပါကျောင်း ဆောင်အတွင်း၌ ပြုလုပ်သော အသက် ၆၅ နှစ် အထက် မိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)