(ယမန်နေ့မှအဆက်)
လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များ ၊
ဆက်လက်ပြီး နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို အချို့သော မီဒီယာများ၊ အဖွဲ့အစည်းများ၏ မဟုတ်မမှန် ဆောင်ရွက်နေမှုများထဲမှ အချို့ကို ထုတ်နုတ်တင်ပြမည် ဖြစ်ပါကြောင်း၊ ပထမဖြစ်စဉ်အနေဖြင့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာ ဖြစ်စဉ်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ဇွန် ၁၅ ရက်က လက်နက်ကိုင်အကြမ်းဖက် သမားများ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ထိုကျေးရွာတွင်ရှိသည့် အိမ်ခြေ ၂၂၅ လုံး အနက် အိမ်ခြေ ၁၀၀ ခန့် မီးလောင် ပျက်စီးမှုဖြစ်ခဲ့ပါကြောင်း၊ ဖြစ်စဉ်မှာ ဇွန် ၁၅ ရက်တွင် ပေါက်မြို့နယ်မှ မြန်မာ နိုင်ငံရဲတပ်ဖွဲ့လုံခြုံရေး အဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လှည့်ကင်းဆောင်ရွက် နေစဉ် နံနက် ၁၁ နာရီခန့် ကင်းမကျေးရွာဆိုင်းဘုတ်အနီး အရောက်တွင် လက်နက်ကိုင်အကြမ်း ဖက်လူတစ်စုက ၎င်းရွာတောင်ကုန်းပေါ်မှ လက်နက်ငယ်များ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများနှင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာတွင် အကြမ်း ဖက်သူများ တောင်ကုန်းပေါ်မှ ဆုတ်ခွာသွားပါကြောင်း၊ ထိုတောင်ကုန်းပေါ်ကို အသေးစိတ် ရှာဖွေနေစဉ် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်တွင် တောင်ကုန်းအလယ်တွင် ထပ်မံတိုက်ပွဲဖြစ်ပြီး ၁၂ နာရီခန့်တွင် နောက်တစ်ကြိမ် တိုက်ပွဲထပ်ဖြစ်ပါကြောင်း၊ ထိုတောင်ကုန်းပေါ်တွင် အကြမ်းဖက် သမားများ ခိုအောင်းမှု မရှိစေရေး ဆက်လက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့်အချိန်တွင် ကင်းမ ရွာအတွင်း မီးလောင်မှုဖြစ်ပွားနေခြင်းကိုတွေ့ရပါကြောင်း။
လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ထပ်မံရောက်ရှိလာသည့် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့်ပူးပေါင်းပြီး ရွာအတွင်း ဝင်ရောက်ကာ ကူညီမီးငြိမ်းသတ်ခဲ့ရပါကြောင်း၊ မီးလောင်ကျွမ်းဆဲ နေအိမ် နှစ်လုံးအတွင်းမှ အသက် ၈၀ ကျော် အရွယ်အမျိုးသမီးကြီးနှစ်ဦးကို မီးလွတ်ရာသို့ ကယ်တင်နိုင်ခဲ့ပါကြောင်း၊ မီးလောင်မှုကို အသေးစိတ်စစ်ဆေး သည့်အခါတွင် အကြမ်းဖက်သမား ၄၀ ခန့်က ကင်းမရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းကို မထောက်ခံသည့် ရွာသားတစ်ဦး၏ အိမ် ကို မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်တွင် စတင်မီးရှို့ ဖျက်ဆီးရာမှ အခြားအိမ်များ ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ကိုသိရှိရပါကြောင်း၊ ထိုကိစ္စကို မြန်မာနိုင်ငံတွင် တရားမဝင်မီဒီယာအဖြစ် ကြေညာထားသည့် ခေတ်သစ်မီဒီယာက စတင်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသည်ဟု ရေးသားခဲ့ပါကြောင်း CNN နှင့် Reuters ကဲ့သို့ သတင်းဌာနများကလည်း ရေးသားခဲ့ပါကြောင်း၊ ဖြစ်စဉ်အမှန်ကို အချိန်မီ သတင်းထုတ်ပြန်ခြင်း၊ ဖော်ထုတ်ဖမ်းဆီး ရမိသည့် အကြမ်းဖက်သမားတစ်ဦးနှင့် ၎င်းတို့ကို ထောက်ပံ့ကူညီပေးနေသူ တစ်ဦး၏ ကိုယ်တိုင်ဝန်ခံ ပြောကြားချက်များကို အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန်ပေးခဲ့သော်လည်း အဖြစ်မှန်ကို မစုံစမ်းဘဲ အမေရိကန်သံရုံးနှင့် ဗြိတိသျှ သံရုံးတို့ကလည်း တစ်ဖက်သတ်စွပ်စွဲသည့် ကြေညာချက်များကို ထုတ်ပြန်ခဲ့ ခြင်းကိုလည်း တွေ့ရှိရပါကြောင်း။ သတင်းမှန်များ ထုတ်ပြန်ပေးလျက်ရှိ ဇွန် ၁၈ ရက်က ပြုလုပ်သည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန်၊ လုံခြုံရေးကောင်စီတံခါးပိတ်အစည်း အဝေး ကျင်းပချိန်တို့နှင့် ချိန်ကိုက်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သတင်း ထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး ပြောလိုပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ သံအမတ်ကြီးများ၊ တက်ရောက်လာသည့် နိုင်ငံတကာကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်သည့်အခါ ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများတွင် တရားဝင်အစိုးရ၏ ထုတ်ပြန်ချက်များ၊ အာဘော်များ၊ ပြောဆိုချက်များကို ဂရုတစိုက် လေ့လာရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ဖြစ်ပျက်နေသည့် သတင်းများ နှင့်ပတ်သက်ပြီး သတင်းမှန်များ ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ ထိုကြားထဲက အဖြစ်မှန်ကို စုံစမ်းခြင်း မရှိဘဲ လိုရာဆွဲထုတ်ပြန်နေခြင်းသည် မေးခွန်းထုတ်စရာပင် ဖြစ်ပါကြောင်း ပြောကြားသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဖြစ်စဉ် အမှန်သတင်းများ၊ ဒေသခံအချို့၏ ဖြစ်စဉ်အမှန် ပြောကြားချက်များကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မသမာသည့် သတင်းမီဒီယာများ၊ မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ပြည်သူလူထုကို လမ်းမှားရောက်အောင် ပို့ဆောင်ပေးနေသည့် သံရုံးများ၏ ကြေညာချက်များသည် မည်သို့လုပ်ကြံ ဖန်တီးခဲ့ကြောင်း၊ မည်သူတို့၏ ပြောစကားအပေါ်အခြေခံပြီး နိုင်ငံတကာနှင့် ပြည်သူလူထုကို လိမ်လည်နေကြောင်း ဆက်လက်ပြီး မည်သို့လိမ်လည်နေသည်ကို ယနေ့တွင် သက်သေအထောက် အထားများနှင့် မိမိတင်ပြလိုပါကြောင်း။
ဩဂုတ် ၂ ရက်တွင် ကင်းမရွာ အကြမ်းဖက် PDF အဖွဲ့ဝင်နှင့် ကူညီအားပေးနေသူအချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရေးပစ္စည်းပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၎င်းတို့သည် ကင်းမရွာဖြစ်စဉ်ကို အစအဆုံးသိရှိပြီး ထဲထဲဝင်ဝင် ပတ်သက်ခဲ့သူများ ဖြစ်ပါကြောင်း၊ ၎င်းတို့သုံးဦး၏ ဗီဒီယိုဖိုင်တွင် ၎င်းတို့၏ ဟန်ပန်အမူအရာများကို ကြည့်စေလိုပါကြောင်း၊ ၎င်းတို့သည် ၎င်းတို့ လုပ်ခဲ့ခြင်းအတွက် ယခုအချိန်တွင် နောင်တရနေသူများ ဖြစ်ပြီး ဖြစ်ရပ်အမှန်ကို ပြည်သူလူထုကို ပြောပြချင်၊ သတိပေးချင်နေသည့်သူများ ဖြစ်ပါကြောင်း၊ ပထမဆုံးပြသလိုခြင်းသည် ကင်းမရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုရွာ၏ ကျေးရွာသူတစ်ဦးဖြစ်သူ သူနာပြု တက္ကသိုလ်၊ တတိယနှစ်ကျောင်းသူ တစ်ဦးဖြစ်သည့် မသဠာထွန်း၏ ပြောပြချက် ဖြစ်ပါကြောင်း၊ ဖြစ်စဉ်ကို မည်သို့ ဖိအားပေးခြင်းများကြောင့် လိမ်လည်ပြောဆိုခဲ့ရခြင်းများ၊ သူမအသံနှင့် သတင်းဌာနများက ထုတ်လွှင့်ခဲ့ခြင်းများ၊ ဖြစ်စဉ်အမှန်က မည်သို့ဆိုခြင်း၊ သူမ ကိုယ်တိုင်လက်လုပ်မိုင်း လုပ်နေခြင်းများ၊ နောက်ဆုံးထိန်းသိမ်းခံရပြီး နောက်ပိုင်းအထိ မီဒီယာအချို့က သူမ၏ ဖမ်းဆီးခံရသူအချို့ကို ပရဟိတသမားများအဖြစ် မဟုတ်မမှန်ထုတ်လွှင့်ခဲ့ခြင်း တို့ကို တွေ့ရမည် ဖြစ်ပါကြောင်း ပြောကြားပြီးနောက် မသဠာထွန်းပြောကြားသည့် ဗီဒီယိုဖိုင်ကို ပြသသည်။
ဆက်လက်၍ နောက်တစ်ဦးမှာ ကိုစည်သူလွင် ဖြစ်ပါကြောင်း။ ၎င်းသည် ကင်းမရွာက မဟုတ်ဘဲ မတ္တရာကဖြစ်ပါကြောင်း၊ အကြမ်းဖက်သမားများ ထောင်ထားသည့်မိုင်းကြောင့် ရွာသားအချို့ ဒုက္ခရောက်ရပုံ၊ ရွာခံများက အကြမ်းဖက်သမားများကို ကြောက်ရွံ့ နေရပုံများကို တွေ့ရှိရမည် ဖြစ်ပါကြောင်း ပြောကြားပြီး ကိုစည်သူလွင် ဝန်ခံပြောကြားသည့် ဗီဒီယိုဖိုင်ကို ပြသသည်။
အလားတူ နောက်တစ်ဦးမှာ မသဉ္စာ ထွန်း၊ ကိုစည်သူလွင်တို့နှင့် အတူ ထိန်းသိမ်းရမိခဲ့သူ၊ ကင်းမရွာ PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ကင်းမရွာသား ကိုအောင်ချစ်ဖြိုး၏ ပြောပြချက် ဖြစ်ပါကြောင်း ပြောကြားပြီး ကိုအောင်ချစ်ဖြိုး ဝန်ခံပြောကြားသည့် ဗီဒီယိုဖိုင်ကို ပြသသည်။ အချက်အလက်အမှားများနှင့် မှိုင်းတိုက် ထိုဖြစ်စဉ်ဖြစ်ရပ်များတွင် ပါဝင် ပတ်သက်ခဲ့သည့် ကာယကံရှင်များ၏ ပြောပြချက်များကို လက်တွေ့သိမြင်ပြီး မိမိတို့နိုင်ငံ၏ ပြည်သူလူထုအပေါ် အမျိုး မျိုးသော သတင်းအမှားများ၊ အချက်အလက်အမှားများနှင့် မှိုင်းတိုက်ပြီး အချင်းချင်း စိတ်ဝမ်းကွဲပြားအောင်၊ နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးနေသည့် ပြည်ဖျက် မီဒီယာများ၊ နိုင်ငံခြားသံရုံးအချို့၏ လုပ်ဆောင်ချက်အပေါ် သတိရှိကြရန် ပြောကြားလိုပါကြောင်း။ ။
PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လိုက်လံရန်ပြု သတ်ဖြတ်နေခြင်း ဖြစ်ပါကြောင်း၊ နောက်ကွယ်ကနေ ကြိုးကိုင်နေသူအများစုသည် NLD ပါတီဝင် အစွန်းရောက်များ ဖြစ်ပါကြောင်း၊ ဩဂုတ် ၃ ရက်က စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြမ်းဖက်သမားများက ဓားနှင့်ထိုးပြီး သတ်ဖြတ်ခဲ့ပါကြောင်း၊ ဩဂုတ် ၂၀ ရက်တွင် အဆိုပါ တရားခံသုံးဦးကို ဖမ်းမိပါကြောင်း၊ ၎င်းတို့ကို စေခိုင်းသူက ထိုရွာက NLD ပါတီအမာခံများဖြစ်သည့် ယခင်အုပ်ချုပ်ရေးမှူးဟောင်းနှင့် နောက် တစ်ဦးဖြစ်ပြီး ငွေ ၅သိန်းပေးပြီး စေခိုင်း ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားပြီး ၎င်းဖြစ်စဉ်တွင် ပါဝင်သူ သန်းနိုင်စိုး၏ ဝန်ခံပြောကြားချက်ကို ပြသသည်။ လူငယ်များကိုမြှောက်ပင့် နောက်ဖြစ်စဉ်တစ်ခုမှာ ရန်ကုန် တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက်အမှတ် (၁၆) (၃)လွှာ ဖြစ်စဉ်ဖြစ်ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနှင့် ထိုနေရာတွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးအတွက် အသုံး ပြုရန်ပစ္စည်းများ ဝှက်ထားကြောင်း သတင်းရသည့်အတွက် ဝင်ရောက် -စစ်ဆေးခဲ့ပါကြောင်း၊ အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကို အကြမ်းဖက် လုပ်ရပ်များတွင် အသုံးပြုမည့် လက်ပစ် ဗုံး ၁၆ လုံး၊ ယမ်းပျော့များ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါ -ကြောင်း၊ ဝင်ရောက် စစ်ဆေးစဉ်တွင် ငါးဦးသည် တိုက်ခန်းပေါ်က ခုန်ချ ထွက်ပြေးကြသဖြင့် နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရခဲ့ပြီး တပ်မတော်ဆေးရုံတွင် ဆေးကုသပေးနေပါကြောင်း၊ ထုံးစံအတိုင်း ပြည်ဖျက်မီဒီယာ များက လုပ်ကြံဖန်တီး သတင်းများ ချက်ချင်းထုတ်လွှင့်ကြပြီး လူငယ်များကို မြှောက်ပင့်ပေးရန်၊ လမ်းမှား ထပ်ရောက်စေရန်အတွက် အာဇာနည် သူရဲကောင်းဆိုသည့် အသုံးအနှုန်းများကိုပါ သုံးနှုန်းခဲ့ခြင်းကိုလည်း တွေ့ရပါကြောင်း၊ ၎င်းတို့ ဘာတွေလုပ် ခဲ့ကြသည်။ ထိုနေ့က ဖြစ်စဉ်အမှန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များ၊ ဖမ်းဆီးရမိသူနှစ်ဦး၏ ပြောပြချက်များကို သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ ဤကဲ့သို့ သတင်းထုတ်ပြန်ပြီး နောက်ပိုင်းတွင် ထိုအဖွဲ့ထဲက ထွက်ပြေး လွတ်မြောက်သွားသူ တစ်ယောက်ကို ပြည်ဖျက်မီဒီယာများကမေးမြန်းထားပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်မှုများ၊ တိုက်ပေါ်က ခုန်ချပြီးသေဆုံးခဲ့သော အမျိုးသမီး တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မဖွယ်မရာလုပ်ခဲ့သကဲ့သို့ ပြောဆိုခဲ့မှု များကိုထုတ်လွှင့်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ သူတစ်ဦးဖြစ်သော မပိုးခန့် ၏ ထပ်မံပြောကြားချက်ကို ပြသလိုကြောင်းပြောကြားပြီး မပိုးကျော့ကျော့ ခန့်၏ ထွက်ဆိုပြောကြားချက် ဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ယခုနောက်ပိုင်းတွင် အကြမ်းဖက်အဖွဲ့များ၊ ဖောက်ခွဲဖျက်ဆီးရေးအဖွဲ့များကို ဖမ်းဆီးရမိသည့် အချိန်တွင် သတိထားစရာကောင်းသည့် အချက်မှာ ထိုအဖွဲ့တိုင်းလိုလိုနီးပါး အထူးသဖြင့် ရန်ကုန်ကဲ့သို့သော မြို့ကြီးများက အကြမ်းဖက်အဖွဲ့များတွင် အမျိုးသမီးငယ်များ ပါဝင်နေကြကြောင်း။ ၎င်းတို့သည် အများအားဖြင့် အိမ်ထောင်မရှိသူ (အပျို)များလည်း ဖြစ်နေတတ်ကြောင်း၊ သို့သော်လည်း စစ်ဆေးတွေ့ရှိ ချက်များအရ လက်မထပ်ရသေးဘဲ (Living Together) ပုံစံများလည်း ဖြစ်နေကြကြောင်း၊ အချို့လည်း ကိုယ်ဝန်ရှိနေခြင်းများကိုတွေ့ရကြောင်း၊ အမျိုးသမီးများမှာ အမျိုးသားများထက် မခံချင်စိတ်ပိုများကြကြောင်း၊ မတရား ဘူးဟု ၎င်းတို့စိတ်ထဲ ယူဆလာလျှင် သနားစိတ်၊ မခံချင်စိတ် စသည့်စိတ်များကို မသမာသူ နိုင်ငံရေးသမားများက အသုံးချနေခြင်းဖြစ်ကြောင်း။
ပြည်ဖျက်မီဒီယာများ၏ လှုံ့ဆော်မှုကြောင့် လမ်းမှားကို ရောက်ခဲ့
ထို့အပြင် ဤလူငယ်၊ လူရွယ်များကို စစ်ဆေးကြည့်သည့်အချိန် မူးယစ်ဆေး သုံးစွဲမှုများနှင့် ပတ်သက်နေသည်ကိုလည်း တွေ့ရကြောင်း၊ မိဘပြည်သူများ အနေဖြင့် သတိထားနိုင်ကြရန် မေတ္တာ ရပ်ခံလိုကြောင်း၊ ထိုလူငယ်လေးများကို ကြည့်ပါက မသမာသည့် နိုင်ငံရေးသမားများ၊ ပြည်ဖျက်မီဒီယာ များ၏ လှုံ့ဆော်မှုကြောင့် လမ်းမှားကို ရောက်ခဲ့ရသည့် သူများသာဖြစ်ကြောင်း၊ သား၊ သမီးချင်း မစာနာဘဲ online ပေါ်ကတစ်ဆင့်၊ မီဒီယာများမှတစ်ဆင့် လူငယ်များ၊ ရိုးသားသော ပြည်သူလူထု များကို နေ့စဉ်လမ်းမှားသို့ ရောက်ရှိစေရေး သွေးထိုးလှုံ့ဆော်နေမှုများကို သတိရှိကြရန် ပြောလိုကြောင်း၊ ဤကဲ့သို့ အခြေအနေမျိုးများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့ အနေဖြင့် NUG၊ CRPH နှင့် PDF အမည်ခံ အဖွဲ့အစည်းများကို စစ်သင်တန်းပေးနေမှုများ၊ လက်နက်များ ထောက်ပံ့နေမှုများကိုလည်း တွေ့ရကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန် ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အကြမ်းဖက်သမားများ ခိုအောင်းနေသော နေအိမ် နှစ်လုံးကို လုံခြုံရေးအရ ဝင်ရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင် ရှစ်ဦး အသေဖမ်းမိပြီး ၎င်းတို့နှင့်အတူသေနတ် ရှစ်လက်၊ လက်ပစ်ဗုံးအလုံး ၅၀ နှင့် လက်လုပ်မိုင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ထိုရှစ်ဦးထဲမှ နှစ်ဦးသည် KIA အဖွဲ့က ဗိုလ်အဆင့်ရှိ တူးဖိုးနှင့် ကိုရှိုင်းတို့ ပါဝင်ပြီး အကြမ်းဖက်လုပ်ရပ်များကို ၎င်းတို့က ဦးဆောင်နေခြင်း ဖြစ်ကြောင်း။
ဇွန် ၂၃ ရက်၌ မန္တလေး (PDF) အဖွဲ့ဝင် မိုးတိမ်နှင့်လေးဦးကို မန္တလေးသို့ လက်နက်များသယ်ယူစဉ် ဖမ်းမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၁၁၄ လက်၊ ကျည်မျိုးစုံ ၁၀၀၀၀၀ တောင့်၊ လက်ပစ် ဗုံး ၄၉၉ လုံး၊ ၄၀ မမဗုံးသီး ၁၄၇၃ လုံးနှင့် ဖောက်ခွဲရေးပစ္စည်းများ ပါဝင်ကြောင်း၊ ၎င်းတို့က KIA တွင် ဖောက်ခွဲဖျက်ဆီးရေး သင်တန်းတက်ခဲ့ပြီး ဇွန် ၁၉ ရက်တွင် KIA အဖွဲ့ ကပေးသည့် လက်နက်ခဲယမ်း နှင့် မိုင်းများကို ကချင်ပြည်နယ် မန်စီ မြို့မှတစ်ဆင့် ငါးအိုး-သပိတ်ကျင်း လမ်းကြောင်းအတိုင်း မန္တလေးမြို့သို့ သယ်ဆောင်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူ ဩဂုတ် ၈ ရက်တွင်လည်း ဗုံး အလုံး ၈၀ နှင့် ဆက်စပ်ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်၌ ဖမ်းမိခဲ့ကြောင်း၊ ဩဂုတ် ၄ ရက်တွင် KIA တပ်မဟာ(၈)၌ အကြမ်းဖက်သင်တန်း တက်နေသောသူများကို ထောက်ပံ့ပေး နေသော မိုးညှင်းမြို့နယ် NLD ပါတီဝင် သက်ထားနှောင်းကို KIA တပ်မဟာ ၈ ကိုထောက်ပံ့ပေးနေသည့် ထောက်ပံ့ရေး ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း။
၎င်း၏ ထွက်ဆိုချက်များအရ ပါဝင် ပတ်သက်သူများသည် ဖော်ပြထားသည့် ဇယားအတိုင်း ဖြစ်ကြောင်း၊ NLD ပါတီဝင်များဖြစ်ပြီး အကြမ်းဖက်အဖွဲ့အစည်း CRPH အဖွဲ့ဝင် ဖြူဖြူသင်း၊ NUG အဖွဲ့ဝင် တင်အေး၊ မင်းဆွေနိုင်၊ ကျော်စွာဝင်း၊ ကသာမြို့နယ် NLD ပါတီဝင် ကျော်စွာဝင်း၊ မိုးညှင်းမြို့နယ်က NLD ပါတီဝင်များ ပါဝင်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများ၊ မိုင်းထောင်၊ မိုင်းခွဲ တိုက်ခိုက်နေသည့် အကြမ်းဖက်အဖွဲ့များ၊ လူငယ်လူရွယ်များကို အချို့ EAO အဖွဲ့ထဲတွင် စစ်သင်တန်းနှင့် ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက်စေရန်အတွက် လူစုခြင်း၊ စေလွှတ်ခြင်း များ ဆောင်ရွက်နေသူများကို ဖော်ထုတ် ဖမ်းဆီးရမိတိုင်းတွင် ၎င်းတို့ကို စေခိုင်းနေသူများ၊ ထောက်ပံ့နေသည့်သူများသည် NLD ပါတီဝင်များသာ ဖြစ်နေသည်ကို တွေ့ရကြောင်း၊ အထောက် အထားများ၊ ဆက်စပ်မှုများကို Board ၌ စုံစုံလင်လင်ပြသထားကြောင်း။
အဖျက်အမှောင့်လုပ်ငန်းများ
TNLA အနေဖြင့်လည်း နောင်ချိုမြို့ နယ် နောင်စိုးလေးကျေးရွာအနီး PDF အကြမ်းဖက်များကို သင်တန်းပေးခြင်း၊ လက်နက်များ ထောက်ပံ့ခြင်းတို့ ဆောင် ရွက်ခဲ့သည်ကို တွေ့ရကြောင်း၊ လက်နက် တပ်ဆင်ပေးပြီး မန္တလေးနှင့် စစ်ကိုင်း ဒေသအတွင်းသို့ ဝင်ရောက်ပြီး အဖျက် အမှောင့်လုပ်ငန်းများ လုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖမ်းဆီးရမိ လက်နက်များ၊ သင်တန်းကျောင်းနေရာ ဓာတ်ပုံများကို သင်ပုန်းတွင် ပြသထားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲ၌လည်း အားလုံးမဟုတ်ဘဲ အဖွဲ့အစည်းထဲက တပ်မဟာအချို့သာ ထိုကဲ့သို့ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ဥပမာအားဖြင့် KIA တွင် တပ်မဟာ ၃ နှင့် တပ်မဟာ ၈ တို့က ဆောင်ရွက်နေကြောင်း၊ KNU တွင် တပ်မဟာ ၅ က ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိ ရန်အတွက်ကို အမြဲဦးတည်ဆောင်ရွက် လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်လှစ်ထားကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည် ချက် ၉ ရပ်တွင်လည်း “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA) ပါသဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဟု ချမှတ်ထားကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်၌ ကျင်းပခဲ့သော NCA (၃) နှစ်ပြည့် အခမ်းအနားမှာ ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးရာ၌ “ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ငြိမ်းချမ်းရေးကိုလိုလားရင် ငြိမ်းချမ်းရေး ကိုလိုလားတဲ့ အပြုအမူမျိုး တွေရှိဖို့လိုတယ်” ဟု ပြောကြားခဲ့ကြောင်း၊ EAO များအနေဖြင့် NCA တွင် လက်မှတ် ရေးထိုးထားသည်ဖြစ်စေ၊ လက်မှတ် ရေးထိုးမထားသည်ဖြစ်စေ နိုင်ငံတော်နှင့် ပြည်သူလူထုက သွားနေသော ပါတီစုံဒီမိုကရေစီစနစ်တွင် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့် အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
PDF အမည်ခံ အကြမ်းဖက်သမားများကို လက်နက်ထောက်ပံ့နေမှု၊ အကြမ်းဖက်သင်တန်းများ ပေးနေမှု၊ EAO အဖွဲ့ထဲတွင် တာဝန်ထမ်းဆောင်ခိုင်းနေမှု၊ တာဝန်မထမ်းဆောင်ချင်၍ ထွက်ပြေးနေသူများကို ဖမ်းဆီးနှိပ်စက် နေမှုများ၊ ၎င်းတို့ လှုပ်ရှားနေသော နယ်မြေအတွင်း၌ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေမှုများသည် ငြိမ်းချမ်းရေးနှင့် လုံးဝမအပ်စပ်သည့် လုပ်ငန်းများ သာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ငြိမ်းချမ်း ရေးလွှမ်းခြုံမှသာ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဆိုသည့် အဓိပ္ပာယ် ပြည့်စုံမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းမှုသည် လွတ်လပ်တရား မျှတသော ရွေးကောက်ပွဲ ဆိုသည့် ပုံရိပ်ကို ထိခိုက်စေနိုင်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ အနေဖြင့် အကြမ်းဖက်သမားများကို အားပေးနေသည့် လုပ်ရပ်များမလုပ်ကြရန် သတိပေးလိုကြောင်း ပြောကြားသည်။
ဖမ်းဆီးဖော်ထုတ်ရရှိမှုများ
ဆက်လက်၍ နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ လူထုအသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် လုံခြုံရေးကိစ္စများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို လိုလားသော ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလည်း မြင့်တက် လာခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်မှုများကြောင့် နိုင်ငံတစ်ဝန်း၌ အကြမ်းဖက် သမားများ ဖမ်းဆီးရမိမှုများ၊ လက်နက် ခဲယမ်းနှင့် အကြမ်းဖက်ပစ္စည်းများ ဖမ်းဆီးဖော်ထုတ်ရရှိမှုများ အများအပြား ရှိခဲ့ကြောင်း၊ ဩဂုတ်လ လဆန်းပိုင်းနှင့် လလယ်ပိုင်းတွင် NLD ပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း နှင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ဇေယျာသော်နှင့် မြတ်မင်းသူတို့ ၏စေခိုင်းမှုနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြမ်းဖက်လုပ်ရပ်များကျူး လွန်ခဲ့သော PDF အမည်ခံအကြမ်းဖက် အဖွဲ့ သင်္ကန်းကျွန်းမှ ၃ ဦး၊ စမ်းချောင်း မှ ၆ ဦး၊ လှိုင်သာယာမှ ၁၁ ဦး၊ ဒဂုံ ဆိပ်ကမ်းမှ ၇ ဦး၊ ထန်းတပင်မှ ၅ ဦး၊ ကွမ်းခြံကုန်းမှ ၆ ဦး စုစုပေါင်း ၃၈ ဦးကို သေနတ် ၅ လက်၊ ကျည်မျိုးစုံ ၃၀၉ တောင့်၊ ပြုလုပ်ဆဲလက်လုပ်သေနတ် ၂၅ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်း ၈၁ လုံး၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးထွက်ဆိုချက်များအရ ၎င်းတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများတွင် ဖောက်ခွဲဖျက်ဆီးမှု ၁၇ ကြိမ် ပြုလုပ်ခဲ့သူများဖြစ်ကြောင်း၊ ၎င်း တို့၏ဆက်စပ်မှု၊ ပြစ်မှုကျူးလွန်ခဲ့သူများ ကို Board တွင် ပြသထားကြောင်း။
အလားတူ ယခု ဩဂုတ်လစတုတ္ထ ပတ်အတွင်းတွင်လည်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် လရိပ်ချိုတည်းခိုခန်းမှ ဖမ်းဆီးရမိခဲ့သော အကြမ်းဖက်သမား များ နှင့် ပတ်သက်ပြီး အကြမ်းဖက်သမား ၂၂ ဦးကို ဖမ်းဆီး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ သေနတ် ၈ လက်၊ ကျည်မျိုးစုံ ၂၀၀ ကျော်၊ မိုင်းများ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့် WY စိတ်ကြွဆေးပြားအချို့ ဖမ်းမိခဲ့ကြောင်း၊ ၎င်းတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အများပြည်သူများနှင့် သက်ဆိုင်သော နေရာများတွင် ဖောက်ခွဲဖျက်ဆီးမှု ၄ ကြိမ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အပြစ်မဲ့ပြည်သူများကို ပစ်ခတ်လုပ်ကြံမှု ၈ ကြိမ် ကျူးလွန်ခဲ့ သူများဖြစ်ကြောင်း၊ ထိုအဖွဲ့ ၂ ဖွဲ့၏ သတင်းအပြည့်အစုံကို မကြာခင် မိမိတို့ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများသေဆုံး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ် ၂၆ ရက်အထိရန်ကုန်တိုင်းဒေသကြီးအတွင်း မိုင်းပေါက်ကွဲမှု ၆၁၉ ကြိမ် ရှိပြီး တရားခံဖော်ထုတ်နိုင်မှု ၂၁၁ ကြိမ် နှင့် တရားခံ ၃၂၂ဦးကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးမှု အနေနှင့် ၈၄ ဦးရှိပြီး တရားခံ ဖော်ထုတ်နိုင်မှု ၂၇ ကြိမ်နှင့် တရားခံ ၅၉ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါကြောင်း၊ လက်နက်/ခဲယမ်း ဖော်ထုတ်ဖမ်းဆီးရရှိ မှုအနေနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာပင် ၁၁၆ ကြိမ်၊ တရားခံ ၁၉၉ ဦးနှင့် လက်နက်မျိုးစုံ ၅၈ လက်၊ ခဲယမ်း မျိုးစုံ ၂၉၇၅ တောင့်၊ ဖောက်ခွဲရေးနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ အလားတူမန္တလေးတိုင်း ဒေသကြီးအတွင်း မိုင်းပေါက်ကွဲမှု ၄၆၇ ကြိမ်ရှိပြီး တရားခံဖော်ထုတ်နိုင်မှု ၂၁၆ ကြိမ်နှင့် တရားခံ ၇၄ဦး ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပါကြောင်း၊ အကြမ်းဖက်တိုက်ခိုက် မှုကြောင့် အပြစ်မဲ့ပြည်သူများသေဆုံးမှု ၁၂၆ ဦးရှိပြီး တရားခံဖော်ထုတ်နိုင်မှု ၂၅ ကြိမ်နှင့် တရားခံ ၆၈ဦး ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါကြောင်း၊ လက်နက်/ ခဲယမ်း ဖော်ထုတ်ဖမ်းဆီးရရှိမှု အနေနှင့် ၁၁၈ ကြိမ်၊ တရားခံ ၁၅၆ ဦးနှင့် လက်နက်မျိုးစုံ ၉၃၈ လက်၊ ခဲယမ်းမျိုးစုံ ၃၄၃၅၁ တောင့်၊ ဖောက်ခွဲရေးနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပါကြောင်း။
နိုင်ငံ၏နေရာအနည်းစုတွင် အကြမ်းဖက်မှုများ၊ လက်နက်ကိုင် သောင်းကျန်းမှုများရှိနေဆဲ ဖြစ်သော်လည်း ယခင်က ထက်စာလျှင် များစွာလျော့ကျသွားပြီ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီကျင့်သုံးရန် ဆောင်ရွက်နေသည့် နိုင်ငံဖြစ်ကြောင်း၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အစိုးရ အနေဖြင့် ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ကြောင်း၊ မိမိတို့၏ ယခုလမ်းကြောင်းသည် မည်သည့်အခါမှ သွေဖည်သွားမည် မဟုတ်ကြောင်း၊ ဒီမိုကရေစီစနစ်အပေါ်၌ လိမ်လည် မသမာမှုလုပ်ခဲ့သည့် မဲမသမာ မှုများကြောင့်သာ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်တာဝန်ရယူခဲ့ရ ခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ထပ်မံကျင်းပပေးရန်လည်း အာမခံပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် အညီသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်း နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးနေသော အကြမ်းဖက်များကိုသာ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည်ကို အသိပေးလိုပါကြောင်း။
စီးပွားရေးပြန်လည် ဦးမော့လာစေရန်အတွက် ဆောင်ရွက်လျက်ရှိ ကိုဗစ်ကာလအတွင်း ကမ္ဘာ့နိုင်ငံ တိုင်းလိုလိုတွင် စီးပွားရေးလုပ်ငန်းများ တုံ့နှေးခြင်း၊ ကျဆင်းခြင်းများ ဖြစ်နေကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် စိုက်ပျိုးရေး နှင့်မွေးမြူရေးကို အခြေခံသော နိုင်ငံဖြစ်သည့်အတွက် ထိုကဏ္ဍများ တိုးတက်လာစေရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာတွင်ကိုဗစ်ကာလအတွင်း အခြားစီးပွားရေး ကဏ္ဍများ၊ ဝယ်လိုအားများ ကျဆင်းသည် မှန်သော်လည်း လူများ၏ နေ့စဉ်အခြေခံစားရေး လိုအပ်ချက်မှာ မကျဆင်းကြောင်း၊ စား၊ ရေ၊ ရိက္ခာလိုအပ်ချက်က ရှိနေဆဲ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အခြေခံစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အရှိန်မြှင့်တင်ပြီး ပြည်တွင်း စား၊ ရေ၊ ရိက္ခာဖူလုံရေးမှသည် ပြည်ပသို့ပိုမို တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိကြောင်း၊ ထိုအတွက်လည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းပြီး လက်တွေ့ကျကျ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းပြည် စီးပွားရေးကို ဦးမော့လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)
သတင်းအဖွဲ့