Skip to main content

စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိ

နေပြည်တော် သြဂုတ် ၂၉

စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့အတွက် လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်အုပ်စု ညောင်ပင်သာကျေးရွာရှိ ပုဂ္ဂလိက နို့စားနွား မွေးမြူရေးခြံသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် နို့စားနွား မွေးမြူထားရှိမှု၊ နို့၊ ဒိန်ချဉ်နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှုများ ကို ကြည့်ရှုအားပေးပြီး နို့မှုန့်ကုန်ချောစက်ရုံ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်မတည်ငြိမ်မှုတို့ကို ကျော်လွှားနိုင်ရေးအတွက် ဆောင်ရွက်ရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။ ထို့နောက် မိတ္ထီလာမြို့နယ် ညောင်စောက်ကျေးရွာအုပ်စု ကံဦးစံပြရွာအနီးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန သဖန်းမွေးမြူရေးခြံနှင့် သဖန်း  ဆိတ်သုတေသနနှင့် မျိုးထိန်း မျိုးပွားခြံများတွင် သိုး၊ ဆိတ် မွေးမြူရေးသုတေသနနှင့် မျိုးထိန်း၊ မျိုးပွားလုပ်ငန်း ဆောင်ရွက်နေမှုများ၊ တိရစ္ဆာန်အစာ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မိတ္ထီလာကန်၏ ရေဝေရေလဲအခြေအနေ၊ ရေဖြန့်ဝေပေးနိုင်မှုနှင့် မိတ္ထီလာပတ်ဝန်းကျင်ရှိ ဆည်တမံများ၏ ရေဝင်ရောက်မှု၊ လက်ရှိ ရေသိုလှောင်နိုင်မှုနှင့် ဒေသသောက်သုံးရေနှင့် စိုက်ပျိုးရေပေးဝေနိုင်မှုကို ကြည့်ရှုပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် သက်ရောက်လာနိုင်သည့် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဒေသသောက်သုံးရေ၊ စိုက်ပျိုးရေ ဖူလုံရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

 မိတ္ထီလာကန်အနေဖြင့် တောင်ကန်နှင့် မြောက်ကန် နှစ်ခုပေါင်း စုစုပေါင်း ကန်ရေပြည့် ရေလှောင် ပမာဏ ၂၄၈၄၆ ဧကပေရှိပြီး အသုံးပြုနိုင်သော ရေပမာဏ ၁၇၂၀၉ ဧကပေ ဖြစ်သည်။ လက်ရှိတွင် မိုးစပါးဧရိယာဧက၁၀၀၀ကို စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ဒေသ၏ သောက်သုံးရေနှင့် စိမ်းလန်းစိုပြည်ရေးကို အကျိုးပြုလျက်ရှိသည်။

ထို့မှတစ်ဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာ စက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းသို့ ရောက်ရှိ ရာ တာဝန်ရှိသူများက သင်တန်းကျောင်း၏ ဘဏ္ဍာနှစ်အလိုက် သင်တန်းများ ဖွင့်လှစ်ပေးမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

မိတ္ထီလာစက်မှုလယ်ယာ ဗဟိုသင်တန်းကျောင်းအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ သင်တန်းသား စုစုပေါင်း ၄၀၀၀၃ ဦးကို စာတွေ့လက်တွေ့ ပို့ချပေးနိုင်ခဲ့ပြီး လယ်ယာသုံး စက်ကိရိယာ စက်ပြင်စက်မောင်း ကျွမ်းကျင်အဆင့်(၁) MFEM နှင့် MFEO Level(1) အလုပ်အကိုင် လျာထားချက်အပေါ် စစ်ဆေးအကဲဖြတ် ဆောင်ရွက်ခြင်းကိုလည်း တိုးချဲ့ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်