Skip to main content

ဝိုင်းဝန်းတိုက်ဖျက်ရမည့် အကြမ်းဖက်မှုများ

အကြမ်းဖက်မှုသည် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့် ကောင်းကျိုးများကို ထိခိုက်ပျက်စီးစေသောလုပ်ရပ်များ ဖြစ်သည်။ အကြမ်းဖက် အဖျက် လုပ်ရပ်များသည် မည်သည့်လူ့အဖွဲ့အစည်း၊ အသိုက်အဝန်းကမျှ မလိုလား လက်မခံသော အမှုကိစ္စဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတို့သည် မည်သည့် အကြမ်းဖက်မှုကိုမျှ လက်မခံ ဝိုင်းဝန်းဆန့်ကျင်ရှုတ်ချလျက်ရှိပြီး အကြမ်းဖက်မှုပပျောက်ရေးအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ကြိုးပမ်းဆောင်ရွက်နေကြသည်။

ဝါဒအရလည်းကောင်း၊ စိတ်ဆန္ဒအရလည်းကောင်း အကြမ်းဖက်မှုနှင့် ပတ်သက်သည်တို့ကို အားပေးထောက်ခံလျှင်ပင် အကြမ်းဖက်မှုကို သွယ်ဝိုက်သောနည်းဖြင့် ကျူးလွန်ရာရောက်၍ အကြမ်းဖက်သမားများနှင့် မပတ်သက်ရန် လိုအပ်ပေသည်။ ပြည်သူများနှင့် နိုင်ငံအစိုးရများက လက်မခံသော အကြမ်းဖက်မှုများ ချုပ်ငြိမ်းရန်အတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် လည်း လိုအပ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံရေးအစွန်းရောက်များ၏ လှုံ့ဆော်အားပေး

ဆောင်ရွက်မှုကြောင့် အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်လျက်ရှိရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်သမားများအား ဖော်ထုတ်နိုင်ရေးအတွက် နည်းလမ်းများ၊ အခွင့်အလမ်းများအား အသိပေးထုတ်ပြန်ထားသည်။

အကြမ်းဖက်မှုများအား တိုက်ဖျက်ရာတွင် သတင်းရရှိရေးသည် အလွန်အရေးကြီးသော အချက်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများနှင့် စပ်လျဉ်း၍ မသင်္ကာစရာများ၊ အကြမ်းဖက်မှုဖြစ်စေရန် အင်တာနက်၊ ဖေ့စ်ဘွတ်တို့မှ လုပ်ကြံဖန်တီးထား သော သတင်းအမှားများထုတ်လွှင့်နေသူများ၊ သိရှိထားသည့်သတင်းများအား နီးစပ်ရာ လုံခြုံရေးအဖွဲ့အစည်းများသို့ အချိန်မီ သတင်းပေးပို့ကြရန် လိုအပ်သည်။ နိုင်ငံရေး အမှောင်ဖုံးမှုများနှင့် အကြောက်တရားကြီးမားမှုများ ဖန်တီးထားသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်သမား သတင်းပေးရေး၌ ဝန်မလေးစေရန်အတွက် သက်ဆိုင်ရာတို့က သတင်းပေးသူ၏ လုံခြုံရေးနှင့် စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် တာဝန်ယူအာမခံပေးထားသည်။ ထို့အပြင် သတင်းမှန်ကန်မှုနှင့် ဖော်ထုတ်ဖမ်းဆီးရမှု အပေါ်မူတည်၍ သတင်းပေးသူနှင့် ဖမ်းဆီးသူတို့အား လျှို့ဝှက်ချီးမြှင့်ငွေများ ထိုက်တန်စွာပေးအပ်သွားမည် ဟု သိရသည်။

အကြမ်းဖက်မှုသည် ပြည်သူတို့၏ လူမှုဘဝလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိပြီး စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်စေကာ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရန် လိုအပ်သည်။ အကြမ်းဖက်မှုသည် မိမိကိုယ်တိုင်အကြမ်းဖက် တိုက်ခိုက်မှုတွင် မပါဝင်သော်လည်း အကြမ်းဖက်အုပ်စု တစ်ခုခုတွင်ဖြစ်စေ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖြစ်စေ ပါဝင်စေရန်တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှု၊ ဝါဒဖြန့်မှု၊ စုဆောင်းရန်ပြုလုပ်မှုများ၊ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်ကို ဖမ်းဆီးအရေးယူနိုင်ခြင်း မပြုလုပ်နိုင်စေရန်၊ လွတ်မြောက်စေရန် ထိမ်ချန်ခြင်း၊ သိလျက်နှင့် ခိုလှုံခွင့်ပေးခြင်း၊ ပုန်းအောင်းခွင့်ပေးခြင်း၊ ယာယီတည်းခိုနေထိုင်ခွင့်ပေးခြင်း၊ ဝှက်ထားခြင်း၊ အဆောက်အအုံနှင့် နေရာတစ်ခုခုကို အသုံးပြုခွင့်၊ စုဝေးခွင့်၊ အစည်းအဝေးပြုလုပ်ခွင့်၊ အကြမ်းဖက်မှုဆိုင်ရာ လေ့ကျင့်သင်တန်းပေးရန်၊ သယ်ယူပို့ဆောင်ပေးရန်တို့နှင့် ငွေကြေးထောက်ပံ့ခြင်း၊ ကောက်ခံခြင်း၊ လက်ခံခြင်း၊ ပေးပို့ခြင်း၊ လွှဲပြောင်းခြင်း၊ ယင်းကဲ့သို့ ပြုလုပ်ရန် ညွှန်ကြားခြင်း၊ ပါဝင်ဆောင်ရွက်ခြင်း စသည်တို့ တစ်ခုခုပြုလုပ်မိလျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ငြိစွန်းသည်ကို သတိပြုရမည်ဖြစ်သည်။

အကြမ်းဖက်အုပ်စုဖြစ်သည့် CRPH နှင့် NUG တို့က ဖွဲ့စည်းထားသော၊ ပတ်သက်သော PDF အဖွဲ့များသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်၊ ပြည်သူလူထုကြောက်ရွံ့မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံလာစေရန် အကြမ်းဖက်တိုက်ခိုက်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိရာ တာဝန်သိပြည်သူများနှင့် လုံခြုံရေးအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက် မှုကြောင့် နေ့စဉ်နှင့်အမျှ ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူလျက်ရှိသည်ကို တွေ့မြင်ရသည်။ ထို့ကြောင့် အကြမ်းဖက်သမားများ ချုပ်ငြိမ်းမှသာ ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်မည်ဖြစ်ရာ အကြမ်းဖက်သမား ဖော်ထုတ်ရေးကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် အကြမ်းဖက်သမား၊ အကြမ်းဖက်လုပ်ငန်းများတွင် တစ်စုံတစ်ရာ အနည်းငယ်မျှ မပါဝင်မိစေရန် လိုအပ်ပြီး ပါဝင်ပတ်သက်မိ၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူခံရပါက အရေးယူခြင်းခံရသူပိုင် ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်သိမ်းဆည်းခံရမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်ကို သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ အကြမ်းဖက်လုပ်ရပ်ဟူသည် မည်သည့်အခါ၊ မည်သည့်နည်းနှင့်မျှ အောင်မြင်ရိုး ထုံးစံမရှိဘဲ အကြမ်းဖက်သမားများသာ နောက်ဆုံးတွင် ကျဆုံးပျက်စီးခြင်းသို့ ရောက်ရသည်ကို မြန်မာ့မှတ်တမ်း၊ ကမ္ဘာ့မှတ်တမ်းများတွင် မြင်တွေ့နိုင်သည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏လူမှုဘဝ လုံခြုံစိတ်ချမှု အပြည့်အဝရှိစေရန်နှင့် စိုးရိမ်ကြောက်လန့်မှုများမှ ကင်းဝေးစေရန် မိမိပတ်ဝန်းကျင်၌ အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုတစ်ခုခု၏ အဖွဲ့ဝင်များ မရှိစေရေး ဝိုင်းဝန်း ဖော်ထုတ်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။