Skip to main content

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ် ၂၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီခွဲတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် မောင်တောမှ ကြိမ်ချောင်းသို့ အောင်ကျော်လှိုင်(ခ)အောင်ကျော်(ခ)ဂေါက်ကြီး(၃၁)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ မလှိုင်လှိုင်ဝေ(ခ)ရည်မွန်သန့်(ခ)မေလေး(၂၆)နှစ် လိုက်ပါလာသည့် NISSAN ၈ ဘီး ဆီဘောက်ဆာ ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ ယာဉ်ပေါ်မှခုန်ချ ထွက်ပြေးသွားခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရာ ညနေ ၆ နာရီခန့်တွင် အဆိုပါနေရာနှင့် ၆ ဖာလုံခန့်အကွာ တောစပ်တွင် အောင်ကျော်လှိုင်(ခ) အောင်ကျော်(ခ) ဂေါက်ကြီးကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်၏ ဆီသိုလှောင်ကန်ကို ဖွင့်ဖောက်စစ်ဆေးရာ ဒေသကာလတန်ဖိုး ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၁၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန်ဂရမ် ၈၀၀ သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

(သတင်းစဉ်)