Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် ဩဂုတ် ၂၈

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် နမ္မတူ မြို့နယ်များအတွင်းရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၅၆၄ ဦးတို့အား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၂၆၀၁ ဦး တို့အားလည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀)မြို့နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၇၅၅၂ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၂၀၀ ဦးတို့အားလည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၆၈၆ ဦးတို့အားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ပုဏ္ဏားကျွန်း မြို့နယ်များအတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၃၂ ဦးနှင့် စစ်တွေမြို့နယ်၊ သက္ကပြင်ကျေးရွာရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီလူမျိုး ၂၄၉ ဦးတို့အားလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုတို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၉၄၄၈ ဦးတို့အား လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ သံဃာတော်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၃၂၅၀ ဦးတို့အားလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ ပြည်နယ်မှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဘိုးဘွားများအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်