ရန်ကုန် သြဂုတ် ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာပေဗိမာန်စာအုပ် အရောင်းဆိုင်နှင့် စာပေဗိမာန် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် အစည်းအဝေးခန်းမ၌ စာပေဗိမာန် စာတည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးအား စာပေဗိမာန် သမိုင်းကြောင်းနှင့် စာပေဆု ရွေးချယ်ရေး လုပ်ငန်းများကို စာတည်းမှူးချုပ် ဦးတိုးကျော်က ရှင်းလင်းတင်ပြသည်။
ဆွေးနွေးပြောကြား
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် မိမိတို့ပြန်ကြားရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ သတင်းမီဒီယာ လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်နေရသည့် ဝန်ကြီးဌာနတစ်ခုဖြစ်သည့်အတွက် အရေးကြီးသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသည်ဟု ခံယူထားသင့်ပါကြောင်း၊ ပြန်ကြားရေးလုပ်ငန်းများအား ယခင်ကကဲ့သို့ သမားရိုးကျ လုပ်နည်းလုပ်ဟန် များဖြင့်သာ ဆောင်ရွက်၍ မရတော့ဘဲ ခေတ်ကာလ အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်သည့် လုပ်နည်းလုပ်ဟန်များ၊ ပိုမို သွက်လက် ထက်မြက်သည့် နည်းလမ်းများ၊ ပို၍သစ်လွင် ကောင်းမွန်သည့် နည်းလမ်းများဖြင့် တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ပေးကြရန် လိုကြောင်း။
မီဒီယာနည်းလမ်းဖြင့် ကူညီ
အိမ်စောင့် အစိုးရအနေဖြင့် နိုင်ငံတော်ကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်၍ စနစ်တကျ ဆောင်ရွက်နေပါကြောင်း၊ မိမိတို့၏ပန်းတိုင်သည် စစ်မှန်ပြီး စည်ကမ်း ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးပင်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်စေရေးအတွက် မိမိတို့အားလုံးက မီဒီယာနည်းလမ်းများဖြင့် ကူညီဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်း။
ဝန်ဆောင်မှုများတိုးမြှင့်
နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရေးနှင့် စာအုပ်စာပေ ပိုမို ထွန်းကားဖွံ့ဖြိုးလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ ထို့အတူ လူငယ်များ အသိအမြင်မှန်ကန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးရန်လည်း လမ်းညွှန်ထားပါကြောင်း၊ ယနေ့အချိန်တွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လိုသည့်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတစ်ခုကို တိုးချဲ့ဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယနေ့ စာပေဗိမာန်က ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် လုပ်နည်းလုပ်ဟန်များ ပြောင်းလဲဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသည့် စကားအတိုင်း လူငယ်များဘဝတိုးတက်ရေးနှင့် အတွေးအခေါ် အယူအဆ မှန်ကန်ရေး ကို အားပေးသည့် စာအုပ်စာစောင်များ၊ လူငယ်များ စိတ်ဝင်စားသည့် ဘာသာရပ်များနှင့် အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုသည့် စာအုပ်စာစောင်များကို ထားရှိပေးရန် လိုအပ်ပါကြောင်း၊ စာကြည့်တိုက်များက ဝန်ဆောင်မှုပေးရာတွင် သမားရိုးကျစာကြည့်တိုက် လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကျေနပ်မနေဘဲ ဒစ်ဂျစ်တယ် နည်းပညာကို အခြေခံသည့် စာကြည့်တိုက် ဝန်ဆောင်မှု လုပ်ငန်းများကို ပြောင်းလဲ၍ ပြည်သူများအား ဝန်ဆောင်မှုတိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။
သတင်းစဉ်