

နေပြည်တော် ဩဂုတ် ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ သာသနိက အဆောက်အဦများ အဆင့်မြှင့်တင်ပြုပြင် မွမ်းမံရေးအတွက် ဟံသာသီရိ ကုန်းမြေရှိ သာသနိကအဆောက်အဦများ၊ နိုင်ငံတော်သံဃာ့မဟာနာယကကျောင်းဆောင်၊ ကျောင်းဆောင်ကြီး ၄ ဆောင်နှင့် သုံးထပ်ဆွမ်းစားဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာသင်တိုက် ကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ်တော် မူသော ဆရာတော် သံဃာတော်များထံ သို့လည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများကို ဆက်ကပ်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ စစ်ကိုင်းစာသင်တိုက်၌ ဝါဆိုဝါကပ် တော်မူသော သံဃာအပါး ၁၂၀ အတွက် ဆန် ၂၄ အိတ်၊ ဆီ ၆၅ ပိဿာ၊ ပဲ ၈၄ ပိဿာနှင့် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၌ ဝါဆိုဝါကပ်တော်မူသော သံဃာ ၈၅ ပါးအတွက် ဆန် ၁၆ အိတ်၊ ဆီပိဿာ ၄၀၊ ပဲ ၄၈ ပိဿာတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်းတို့ကို လည်း ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်