Skip to main content

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ ကိုဗစ် - ၁၉ စင်တာများသို့ ထောက်ပံ့လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၈

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အား ဖြည့် အစားအစာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့ သာသနာ့ဗိမာန်ဓမ္မာရုံ ကိုဗစ်-၁၉ ကုသရေး စင်တာ၌ လူနာများအတွက် လိုအပ်သည့် ဆေးဝါးများ၊ ကိုဗစ်ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် အင်အားဖြည့်အစားအစာ များဖြစ်သည့် ကြက်ဥ၊ ကွေကာအုပ်နှင့် သောက်ရေသန့်များကို ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးက ထောက်ပံ့လှူဒါန်း ခဲ့ရာ ဟိုပုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် မြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ မောင်မောင်သိန်းတို့က လက်ခံရယူ ခဲ့ကြသည်။

ထို့ပြင် ရှမ်းပြည်နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ တောင်ကြီး မြို့နယ် အား/ကာ သိပ္ပံ (အေးသာယာ) ကိုဗစ် - ၁၉ ကုသရေး စင်တာများကိုလည်း ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)