နေပြည်တော် ဩဂုတ် ၂၇
ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများ ထားရှိရန်အတွက် တိုင်းစစ် ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံ သင်တန်းကျောင်းများ၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက် ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ပရဟိတ အဖွဲ့အစည်းများ၊ တာဝန်သိပြည်သူ များနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက် လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန် ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှတိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြု ပစ္စည်းများ၊ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် အလှူငွေများ ပေးအပ် ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့် ကြည့်ရမည့်သူ အမျိုးသား ၂၀၅ ဦးနှင့် အမျိုးသမီး ၁၀၇ ဦး စုစုပေါင်း ၃၁၂ ဦးကိုလည်းကောင်း၊ ဥတ္တရသီရိ မြို့နယ်ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲ အတည်ပြုပိုးတွေ့ လူနာ အမျိုးသား တစ်ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြောရေး နှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၄၃ ဦးနှင့် အမျိုးသမီး ၄၆ ဦး စုစုပေါင်း ၈၉ ဦး ကိုလည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာ အမျိုးသား ( ၃၃ ဦးနှင့် အမျိုးသမီး လေးဦး၊ စုစုပေါင်း ၃၇ ဦးကိုလည်းကောင်း လက်ခံထားရှိကြောင်း သိရှိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်