Skip to main content

အပြန်အလှန်ထိန်းညှိ ဖြစ်တည်ထွန်းမှုကိုရှေးရှု

 

ဤကမ္ဘာလောကကြီးသည် မတူကွဲပြားမှုများ ပေါင်းစုနေထိုင်ရပ်တည်ရာနေရာကြီးဖြစ်သည်။ အကောင်းအဆိုးတို့ ရောထွေးဖြစ်တည်ရာ သက်ရှိလောကကြီးဖြစ်သည်။ မတူကွဲပြားမှုများကို မည်သည့်အခါမှ ပြုပြင်ဖန်တီး၍ရမည်မဟုတ်ပေ။ အဆိုးလည်းရှိ၊ အကောင်းလည်းရှိနေမည်။ အကျိုးလည်းရှိ၊ အပျက်လည်းရှိနေမည်ဖြစ်သည်။ တစ်ခုခုပျောက်ပျက်အောင် ပြုလုပ်နိုင်စွမ်းရှိ မည်မဟုတ်ပေ။ ပြုလုပ်လျှင်လည်း ထပ်မံပေါ်ပေါက်လာဦးမည်ဖြစ်သည်။ ထို့ကြောင့်မျှခြေတွင် ထားမှ အရှည်တည်တံ့သည့်သဘောကို လက်ခံထားရသည်။

ဤကမ္ဘာလောကကြီးတွင် မတူကွဲပြားမှုများအားလုံး ဟန်ချက်ညီမျှတ သဟဇာတရှိရှိထိန်းညှိ ထားပါမှ လောကသည် တည်ငြိမ်စွာရပ်တည်သည်။ တည်ငြိမ် နေသောအခြေအနေ မျှခြေပျက်ပါ ကပျက်စီးဖောက်ပြန်ခြင်းတို့ ဖြစ်ပေါ်လာပေသည်။ နာမ်လောကတွင်လည်း အလားတူဖြစ် သည်။ ရုပ်လောကတွင်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ လောကအစကတည်းက ကောင်းမှု၊ မကောင်းမှုတို့သည် အတူဒွန်တွဲဖြစ်ပေါ်နေသည်။ မကောင်းမှုတို့ အလုံးစုံပျောက်ပျက် သွားမည်မဟုတ်ပေ။ မကောင်းမှုသည် ရေအလျဉ်ကဲ့သို့ အဆက်မပြတ်စီးဆင်းနေသည်။ မကောင်းမှုများ အလုံးစုံအားကြီးသွားပါက လောကလူသားများ ပျက်စီးသွားနိုင် သဖြင့် ကောင်းမှုများဖြင့် ကာကွယ်ထိန်းညှိထားရသည်။

လောကသုံးပါးတွင် အတုမရှိပေါ်ထွန်းတော်မူလာသော မြတ်စွာဘုရားရှင်သည်ပင် ကောင်းမှု၊ မကောင်းမှုတို့ကို ခွဲခြားရှုမြင်ဆင်ခြင်တော်မူသည်။ မြတ်စွာဘုရားရှင်ပွင့်တော်မမူမီက ပေါ်ထွန်း ခဲ့သည့် တိတ္ထိဆရာကြီး၏ တပည့် ၅၀၀ တို့ အနက် ဘုရားရှင်ပွင့်ထွန်းသောအခါ ဓမ္မဘက်သို့၂၅၀ လိုက်ပါပြီး အဓမ္မဘက်တွင် ၂၅၀နေရစ်သည်။ ဤသည်မှ လောကတွင် ဓမ္မနှင့်အဓမ္မတို့ အစဉ်အားပြိုင်နေခဲ့သည်။

လောကတွင် လောဘ၊ ဒေါသ၊ မောဟတရားများ အားကြီးလာလျှင် ဘေးဥပဒ် အန္တရာယ်များကြုံတွေ့လာကြပြီး လောဘ၊ ဒေါသ၊ မောဟ အားနည်းလာလျှင် ငြိမ်းအေးချမ်းသာ ခြင်းတို့ ဖြစ်ပေါ်လာသည်။

သတ္တလောကကြီးတွင် အလွန်သေးငယ်သော သက်ရှိသတ္တဝါ ပိုးမွှားအကောင် ငယ်လေးများမှ အစ သတ္တဝါအသေး၊ အကြီးမှသည် လူသတ္တဝါများအားလုံးတို့တွင် အကျိုးပြု၊ အကျိုးမပြုဟူ၍ ရောထွေးနေကြသည်။ အကျိုးပြုသတ္တဝါများသည် အကျိုးမပြုသတ္တဝါများကို ခုခံကာကွယ်တား ဆီးထားခြင်းဖြင့် ရပ်တည်ရှင်သန်နေကြသည်။ သတ္တဝါများအားလုံး အကောင်းအဆိုး၊ အကြောင်းအကျိုး အပြန်အလှန် ထိန်းညှိပေးသည့်စနစ်ကို ဂေဟစနစ်ဟုခေါ်သည်။ ဂေဟစနစ် ကောင်းမွန် ပါက သက်ရှိသတ္တဝါများအားလုံးကို အကျိုးပြုလေသည်။ ယခုအခါ ကမ္ဘာလောက ကြီးတွင် လူသားများ၏မတော်လောဘဖျက်ဆီးမှုကြောင့် ဂေဟစနစ်ကြီးတစ်ခုလုံးပျက်စီးခြင်း သို့ရောက်ရှိနေသည်။

ဤကမ္ဘာလောကကြီးတွင် သက်ရှိများဖြစ်သော လူ၊ တိရစ္ဆာန်၊ အပင် စသည် အားလုံးတို့သည် ဤကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်နေကြသည်။ သစ်တောသစ်ပင်များကို လူသားတို့ကအလွန် အကျွံယူသောအခါ လောကကို ထိန်းညှိပေးသည့် ဥတုရာသီဖောက်လွဲဖောက်ပြန်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်အမျိုးမျိုးကျရောက်ကာ လောကကမ္ဘာကြီး ပျက်စီးခြင်းအဖုံဖုံကို ကြုံတွေ့နေရသည်။ လူသားများသည် သစ်တောသစ်ပင်များကိုသာမက တောနေတိရစ္ဆာန်များ ကိုပါ သတ်ဖြတ်ဖျက်ဆီး ကြသဖြင့် သစ်ပင်နှင့်တိရစ္ဆာန်များ ပျက်သုဉ်းလာသည်။ ထို့အပြင် လူသားများသည် စားနပ်ရိက္ခာ တိုးတက်ရရှိရေးအတွက် သစ်တောစိုက်ခင်းများတွင် ဓာတုပိုး သတ်ဆေးများ အလွန်အကျွံအသုံးပြုသဖြင့် အကျိုးမဲ့ပိုးမွှားများသာမက အကျိုးပြုပိုးမွှား များပါ ပျက်စီးဆုံးရှုံးရသည့်အပြင် လူသားများပါ နောက်ဆက်တွဲဆိုးကျိုးများ ခံစားလာရသည်။ ထို့အပြင် လူသားတို့သည် နည်းပညာဆန်းသစ်သည့် ဓာတုပစ္စည်းထုတ်ကုန်များကြောင့် ပဋိဇီဝပစ္စည်းများ ပိုမိုရှင်သန်အထောက်အပံ့ဖြစ်လာသည်။ အကျိုးဆက်မှာ ရာသီဥတုဖောက်ပြန် ခြင်းနှင့် ရောဂါဘယများ ထူပြောလာခြင်းတို့ ဖြစ်ပေါ်လာသည်။

လောကတွင် ကောင်းကျိုး၊ ဆိုးကျိုးတို့ကို ထိန်းညှိထားမှုကြောင့် လောကကြီး သည် တည်တံ့ဖြစ်တည်နေသည်။ ကောင်းမှု၊ မကောင်းမှု၊ အကျိုးပြု၊ အကျိုးမပြုမှု တို့ မျှခြေရှိနေသောကြောင့် လောကကြီးသည် ဣန္ဒြေမပျက်တည်ထွန်းနေသည်။

လောကလူသားတို့၏ မဆင်မခြင်ပြုလုပ်မှုကြောင့် မျှခြေပျက်သောအခါ၊ ထိန်းညှိမှု မရှိသောအခါ လောကကြီးသည် ပျက်စီးခြင်းသို့ ဆိုက်ရောက်ရ၏။ လောကလူသား သက်ရှိသတ္တဝါများ ဘေးဒုက္ခကျရောက်ခြင်းတို့ ကြုံတွေ့လာကြရ၏။ ထို့ကြောင့် အဓိကကျသော လောကလူသား များသည် အကြောင်း၊ အကျိုး၊ အကောင်း၊ အဆိုး တို့ကို ချင့်ချိန်ဆင်ခြင်ပြီး လောကကောင်း ကျိုးကို ဆောင်ကြဉ်းကြရန်လိုအပ်သည်။သို့ဖြစ်ရာ ဤကမ္ဘာလောကသည် အပြန်အလှန်ထိန်း ညှိတည်ထွန်းနေသည်ဖြစ်ရာ လောကကောင်းကျိုး၊ ဆိုးကျိုးများကို ဆင်ခြင် ဖော်ရှု၍ လူသားတို့ ၏ စိတ်သန္တာန်၌ဖြစ်ပေါ်နေသော လောဘ၊ ဒေါသ၊ မောဟတရားများအား မကြီးအောင်၊ ဗြဟ္မစိုရ်တရားများ ထွန်းကားအောင် ကြိုးပမ်းအားထုတ်သင့်ပါကြောင်း။