Skip to main content

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်၊ သြဂုတ်၂၇

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စုဝန်ကြီးဟောင်း၊  အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာ ဝင်းမြတ်အေးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က အမျိုးသားသဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရ သည့် ဒေသများသို့ ကူညီ၊ ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း၊ နိုင်ငံ တော်၏ အရေးကြီး ကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်းကောင်း အသုံးပြုရန် ရဟတ်ယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ရက်တွင် စာချုပ်ချုပ် ဆိုငှားရမ်း ခဲ့ကြောင်း၊ ထိုသို့ စာချုပ် ချုပ်ဆို ငှားရမ်း ခဲ့ရာတွင် တည်ဆဲ ဥပဒေ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ၊ အမျိုးသားသဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ဘဏ္ဍာရေး စည်းမျဉ်းများနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၁၇ တို့ကို ဖောက် ဖျက်ခြင်း၊ စာချုပ်ပါ စည်းကမ်းချက်များ အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့၏ အကြံပြုချက် များကို ထည့်သွင်းစဉ်းစားခြင်း မပြုခြင်းတို့ကြောင့် ရဟတ် ယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငှားရမ်းသည့်ကိစ္စတွင် စာရင်း စစ်ဆေးတွေ့ရှိချက်များအရ ပျံသန်းချိန် နာရီ စုစုပေါင်း ၇၂၀ အတွက် ငှားရမ်းခ မြန်မာငွေကျပ်သန်း ၅,၁၀၀ ကျော်

နှင့် အမေရိကန်ဒေါ်လာ ၅၈၅,၀၀၀ ပေးချေခဲ့သော်လည်း အမှန်အသုံးပြုခဲ့ချိန် ၈၄ ဒဿမ၉၅ နာရီသာ ဖြစ်သဖြင့် လျော့နည်း ပျံသန်းချိန် ၆၃၅ ဒဿမ ၀၅ နာရီအတွက် အမေရိကန်ဒေါ်လာ ၃,၅၉၅,၄၂၃ (USD ၃ဒဿမ၅ သန်းကျော်) ပိုမို ပေးချေ ခဲ့ခြင်းသည် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်း ဖြစ်ကြောင်း။

 

ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး သည် အရေးကြီးကိစ္စများ ဆောင်ရွက် ရာတွင်  ရဟတ်ယာဉ်တစ်စီးကို ၂၀၁၉ခုနှစ် အောက်တိုဘာ ၃၀ရက်တွင် ကုမ္ပဏီတစ်ခုဖြင့်  စာချုပ် ချုပ်ဆိုဝယ်ယူခဲ့ရာ၌ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်း များနှင့် ဘေးသင့်သူများ အတွက်သာ သုံးစွဲခွင့်ရှိသော အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေမှ သုံးစွဲ ထားခြင်း၊ ရဟတ်ယာဉ် ဝယ်ယူမှုအတွက် စီးပွားရေးရာကော်မတီနှင့် ယခင် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခဲ့မှုမရှိခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ သဘောထား တောင်းခံမှု မရှိခြင်း၊ နိုင်ငံတော် သမ္မတ ရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ လိုက်နာ ဆောင်ရွက်မှု မရှိခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့သည့် အခြေအနေကိုကြိုတင် သိရှိခဲ့ပြီး ဖြစ်သော် လည်း ကုမ္ပဏီနှင့် လိုအပ်သလို ပြန်လည်ညှိနှိုင်းခြင်း၊ စာချုပ် ပြင်ဆင်ချုပ်ဆိုခြင်း တို့ကိုဆောင်ရွက်ခဲ့မှုမရှိဘဲ ပေါ့လျော့စွာဆောင်ရွက်ခဲ့သဖြင့် ရဟတ်ယာဉ် ဝယ်ယူ ခြင်း နှင့် အခြားဆက်စပ် ကုန်ကျစရိတ်များအတွက် နိုင်ငံတော်၏ ငွေကြေး၊ ပိုင်ဆိုင်မှု မြန်မာငွေကျပ် ၂၃,၀၄၈ သန်းကျော်ကို ထိခိုက် နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။

 

ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးသည် ဝယ်ယူပြီးသော နိုင်ငံ တော်ပိုင် ရဟတ်ယာဉ်အား ထိန်းသိမ်း ပြုပြင်ခြင်း နှင့် စပ်လျဉ်း၍ ကုမ္ပဏီတစ်ခုကို လုပ်ငန်းအပ်နှံရေး သဘောတူစာချုပ် ချုပ်ဆိုငှားရမ်းခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီလိုက်နာ ဆောင်ရွက်မှု မရှိခြင်း၊ Operation and Maintenance စာချုပ်အရ ကြိုတင်ပြင်ဆင်မှုကာလ ၂၀၂၀ပြည့်နှစ် မတ် ၂၀ရက်မှ မေ၃၁ရက်အထိ ဝန်ဆောင်စရိတ် အမေရိကန်ဒေါ်လာ ၂၇၀,၀၀၀ ကိုသာ ပေးချေသင့် သော်လည်း စာချုပ်တွင် မပါဘဲ ရဟတ်ယာဉ်မရောက်သေးသည့် ၂၀၂၀ပြည့်နှစ် ဇွန် ၁ရက်မှ အောက်တိုဘာ၃၀ရက် အထိ (၅)လအတွက် ဝန်ဆောင်ခ အမေရိကန်ဒေါ်လာ ၄၉၂,၆၆၇ ကို ပေးချေခဲ့ခြင်း၊ ရဟတ်ယာဉ် နောက်ကျရောက်ရှိခဲ့သည့် အခြေအနေကို ကြိုတင်သိရှိခဲ့ပြီး ဖြစ်သော်လည်း စာချုပ် ချုပ်ဆိုသည့် ကုမ္ပဏီနှင့် လိုအပ်သလို ပြန်လည် ညှိနှိုင်းမှု မရှိခြင်း၊ စာချုပ် ပြင်ဆင် ချုပ်ဆိုမှု မရှိခြင်းတို့ကြောင့် နိုင်ငံတော် ၏ ငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက် နစ်နာဆုံးရှုံးစေခြင်း ဖြစ်ကြောင်းတို့ကို စစ်ဆေးပေါ် ပေါက်သဖြင့် ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေး အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့်ပထမသတင်းပေး တိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။

 

(သတင်းစဉ်)