Skip to main content

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ လူမှုဖူလုံရေး - ကဲဝဲလ် အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲ နှင့် စက်မှုဇုန်ရှိ အာမခံ အလုပ်သမား များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုအား ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် တက်ရောက် ကြည့်ရှုအားပေး

ရန်ကုန် သြဂုတ်၂၇

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ် ကုမ္ပဏီ လီမိတက်တို့ ပူးပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ကနောင်တန်ဖိုးနည်း အိမ်ရာ၌ ကိုဗစ်-၁၉ ကာကွယ်ရေး  လမ်းညွှန်ချက်နှင့်အညီ ကျင်းပသည်။

အခမ်းအနားကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေး ရာဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့်  စက်မှုဇုန် အတွင်းရေးမှူး ဦးကျော်စွာမြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

အဆိုပါ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကု ဆေးခန်းသည် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ လူမှု ဖူလုံရေး အကျုံးဝင် အာမခံ အလုပ်သမားများအား အထွေထွေရောဂါကုသမှု (OPD Care) နှင့် သားဖွား/မီးယပ် ပြင်ပလူနာ ကုသမှု (Specialist OG OPD Care) ကိုပါ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မြို့နယ်ပေါင်း (၁၁၆) မြို့နယ်၌ မှတ်ပုံတင်အလုပ်ဌာန (၃၃,၄၂၆) ဌာနနှင့် အာမခံအလုပ်သမားပေါင်း (၁,၀၆၄,၂၆၉) ဦးရှိရာ ရန်ကုန် တိုင်းဒေသကြီး၌ မှတ်ပုံတင်အလုပ်ဌာန (၁၃,၂၆၈) နှင့် အာမခံ အလုပ်သမား (၇၅၅,၉၀၈) ဦးရှိပြီး အဆိုပါအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အဖွဲ့ပိုင် အလုပ်သမားဆေးရုံ ကြီး (၃) ရုံ၊  မြို့နယ်ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၈) ခန်း၊ တိုင်းရင်း ဆေးခန်း (၁) ခန်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့် ဆေးရုံ၊ ဆေးခန်း (၁၇) ခန်း၊ ရွေ့လျားဆေးကုသယာဉ် (၃) စီးဖြင့် ဆေးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိပြီး အာမခံ  အလုပ် သမားများကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိရာ ယခုဖွင့်လှစ်သည့် ဆေးခန်းအပါအဝင် ဆေးရုံ၊ ဆေးခန်း (၁၈)ခန်းနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက် ရှိကြောင်း၊ ယခုဆေးခန်းတွင် လူနာများကို တနင်္လာနေ့မှ စနေနေ့အထိ မနက် (၈) နာရီမှ ညနေ (၆) နာရီထိ ဖွင့်လှစ်ကုသပေးသွားမည်ဖြစ်ပြီး  အာမခံအလုပ်သမားများအပြင် ဌာနတွင် အာမခံ ထားခြင်း မရှိသူများအတွက် အရေးပေါ်ဆေးကုသမှုများကိုလည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံဆိပ်ကမ်း စက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ စက်မှုဇုန် ကနောင်ခန်းမသို့ ရောက်ရှိပြီး အာမခံ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို ကြည့်ရှုအားပေးကာ ကာကွယ်ဆေးထိုးနှံပေးသော ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေနှင့် ထောက်ပံ့ပစ္စည်များ ပေးအပ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ စီစဉ်ဆောင်ရွက် ပေးမှုအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်  ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမား (၈၉၃,၇၇၂) ဦးအား ကာကွယ်ဆေးထိုးနှံပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများအပြင် အာမခံ အလုပ်သမားမဟုတ်သည့် အလုပ်သမားများကိုပါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)