Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ခုံသမာဓိကောင်စီ၊ ခုံသမာဓိအဖွဲ့၊ မြို့နယ် ညှိနှိုင်းဖျန် ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ရန်ကုန် သြဂုတ် ၂၇

 

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွှဲပိုင်းတွင် ရန်ကုန်မြို့ ဒဂုံမြို့ သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးသည်  ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်း ကျောင်း၌ ကိုရီးယားနိုင်ငံသို့ သွားရောက်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် လုပ်ငန်းခွင် အကြိုသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် ၄ ထပ် အဆောက် အဦနှင့် အသစ်ဆောက်လုပ်လျက်ရှိသော ပင်လုံကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း ကျောင်း ၃ ထပ် အဆောက်အဦအား ကြည့်ရှုပြီး ပြည်ပနိုင်ငံများသို့ သွား ရောက် လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံ ကတ်ပြား (OWIC) ထုတ်ပေးရာတွင် အသုံးပြုသည့် စက်ပစ္စည်းများ၊ OWIC ထုတ်ပေးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက် နေမှုများကို လည်းကောင်း၊ လုပ်သားထု၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က အကောင်အထည် ဖော် ဆောင်ရွက် လျက်ရှိသော Electrician (Control Panel Assembly Work) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ “စံ” နှုန်းများနှင့်အညီ စစ်ဆေး အကဲဖြတ်ရေး ဆောင်ရွက်ရာတွင် အသုံးပြုမည့် စစ်ဆေးအကဲဖြတ်ရေးအခန်း (၁၀)ခန်း ပြုပြင်မွမ်းမံ ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေ များကို လည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ လေ့ကျင့်ရေးသင်တန်း ကျောင်းတွင် အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ အငြင်း ပွားမှုများအား ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်း ရန်အတွက် ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) (၃,၆၀၃) ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (၃၂၅) ဖွဲ့၊  ခုံသမာဓိအဖွဲ့ (၁၅) ဖွဲ့နှင့် ခုံသမာ ဓိကောင်စီ (၁) ဖွဲ့တို့ကို ဖွဲ့စည်း ထားရှိ၍ အလုပ်သမားရေးရာ အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်ပေးလျက်ရှိကြောင်း၊ လက်ရှိကာလ၌ အငြင်းပွားမှုများ ဖြစ်ပေါ် လာပါက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ အလုပ်သမား ရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) တွင် ကနဦး ဖြေရှင်းစေလျက်ရှိကြောင်း၊ အဆိုပါ WCC တွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဖြင့်လည်းကောင်း၊ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရမည့် အလုပ်သမားရေးရာ ကိစ္စရပ် များဖြစ်ပါက မြို့နယ်ပေါင်းစပ်အဖွဲ့၊ စက်မှုဇုန်အလိုက် ဖွဲ့စည်းထားသည့် ဖြေလျော့ရေး အဖွဲ့များဖြင့် လည်းကောင်း ဖြေရှင်းပေးလျက်ရှိကြောင်း။

 

ဖြေရှင်းဆုံးဖြတ်ရာတွင် နှစ်ဦးနှစ်ဖက် ညီညွတ်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး အထူးအရေးကြီးကြောင်း၊ ခုံသမာဓိ အဖွဲ့များနှင့် ခုံသမာဓိကောင်စီတို့ အနေဖြင့် အလုပ် သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ် သမားများ အကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာ စေရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားအငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့် များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားနိုင် စေရန်အတွက် ဥပဒေပါ သတ်မှတ် ကာလအတွင်း အငြင်းပွားမှုများကို ဆုံးဖြတ်ချက် ချမှတ်ပေးနိုင်ရန် တိုက်တွန်းလိုကြောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု ပိုမို လုပ်ဆောင်ခြင်းနှင့် WCC တိုးမြှင့်ဖွဲ့စည်းနိုင်ရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

 

(သတင်းစဉ်)