ဒေါက်တာ သန်းနိုင်စိုး
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက် ချက်များ အကြောင်း သိကောင်းစရာ အစီအစဉ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၅ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး ။ ။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး နဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးသူတွေအနေနဲ့ ပြန်လည်ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို အကြံပြုပြောကြားပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး ။ ။ကိုဗစ် -၁၉ ရောဂါဖြစ်ပွားတဲ့ သူတွေ အနေနဲ့ ပြန်ပြီးနေကောင်းတာတောင် တချို့ရောဂါ လက္ခဏာတွေ ဆက်လက် ခံစားရတာ၊ တချို့က ပြန်နေကောင်းပြီး နာလန်ထတဲ့အချိန်ကျမှ ရုတ်တရက် သေဆုံးသွားတာမျိုးတွေကို တွေ့မြင် ကြားသိနေရပါတယ်။
ဒါကမြန်မာနိုင်ငံတစ်ခုတည်း သာမက ကမ္ဘာပေါ်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ပညာရှင်တွေအကြားမှာ ဆွေးနွေးနေတဲ့ကိစ္စတွေ၊ လေ့လာနေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက် ပြီး ကျွန်တော် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ဒီနေ့အထိ ကိုဗစ် - ၁၉ ရောဂါ ကနေ ပြန်လည်ပြီး ကောင်းမွန်လာတဲ့ လူဦးရေ ၁၈၉ သန်းကျော်ရှိတဲ့အတွက် ပြန်လည်နေကောင်းတာ ကလည်း အတော်များနေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ဆေးရုံဆင်းခွင့်ရတဲ့ လူဦးရေ နှစ်သိန်း ကိုးသောင်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ရောဂါရဲ့ နောက်ဆက်တွဲ ခံစားရတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ ကမ္ဘာပေါ်မှာ လေ့လာထားတဲ့ သုတေသနတွေ့ရှိချက်တွေနဲ့ ဆက်စပ်ပြီး ဆွေးနွေးတင်ပြလိုပါတယ်။
ပထမဦးဆုံးအနေနဲ့ ဆေးပညာဂျာနယ်ဖြစ်တဲ့ JAMA Network Open မှာ ဖေဖော်ဝါရီလ ၂၀၂၁ မှာ တင်ပြလာတဲ့ အချက်အလက်တွေအရ ကိုဗစ်၁၉ ရောဂါဖြစ်ပွားတဲ့လူတွေရဲ့ ၃၀ ရာခိုင်နှုန်းခန့်က ဆက်လက်ပြီး ညောင်းညာတာ၊ ဘာပဲလုပ်လုပ် အားမရှိဘဲနုံးချည့်နေတာ၊အနံ့ဆက်ပျောက်နေတာ၊ အရသာ ဆက်ပျောက်တာ၊ တချို့ဆို အသက်ရှူရ ခက်ခဲတာကို ဆက်ပြီး တွေ့ရှိနေရတဲ့အကြောင်းနဲ့ ဒီလက္ခဏာတွေက ဘယ်လောက်အထိ ဆက်ရှိနိုင်သလဲဆိုရင် ပိုးပြန်စစ်ကြည့်လို့ ပိုးမတွေ့တာတောင် နောက်ထပ် အနည်းဆုံးလေးပတ်အထိ ဆက်ပြီးရှိနေတယ်ဆိုတာမျိုး တွေ့ရပါတယ်။
နောက်တစ်ခု အမေရိကန်ပြည်ထောင်စုမှာ FAIR Health အန်ဂျီအိုကနေ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူလူဦးရေ ၁ ဒသမ ၉ သန်းကို ၂၀၂၀ ပြည့် နှစ် ဖေဖော်ဝါရီလကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လအထိ တစ်နှစ်ကြာ စောင့်ကြည့်တဲ့အခါ လူဦးရေ လေးသိန်းခွဲကျော်ကျော်က နေကောင်းပြီးတာတောင် ဆေးခန်းပြန်သွားနေရတာမျိုး တွေ့ရှိရပါတယ်။
ယူကေနိုင်ငံမှာလုပ်ထားတဲ့ သုတေသနတွေ့ရှိချက်အရ လူ၁၀ ဦးမှာ တစ်ဦးအထက်က ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲလက္ခဏာတွေကို ခံစားရတယ်ဆိုတာမျိုး တွေ့ရပါတယ်။ လူ ၁၀ ဦးမှာ တစ်ဦးနှုန်းနဲ့ တွေ့တယ်ဆိုရင် ပြန်ကောင်းလာတဲ့ လူက ကမ္ဘာတစ်ဝန်းလုံးမှာ ၁၈၉ သန်းအထက်ရှိတဲ့ အတွက်ပြန်ကောင်းလာတဲ့ လူဦးရေ ၁၉ သန်းနီးပါးက ကိုဗစ်-၁၉ ရောဂါနောက်ဆက်တွဲလက္ခဏာတွေ ဆက်လက်ခံစားနေရတယ်ဆိုတာကကမ္ဘာတစ်ဝန်း လုံးအနေနဲ့ မြန်မာနိုင်ငံအနေနဲ့ လျှော့တွက်လို့ မရတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအသွင် စတင်ပြီးဆောင်လာတဲ့ သဘောရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူသိများတဲ့ သုတေသနအဖွဲ့အစည်းအနေနဲ့ အမေရိကန်နိုင်ငံမှာရှိတဲ့ The National Institutes of Health (NIH) ဖြစ်ပါတယ်။ သူက ကိုဗစ်-၁၉နောက်ဆက်တွဲရောဂါတွေကို ဆက်ပြီးလေ့လာတဲ့အခါ Post-Acute Sequelae of SARS-CoV-2 infection (PASC) ဆိုပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ ထောက်ပံ့ပေးကာ လေ့လာမှုတွေ လုပ်စေပါတယ်။ ဒီလို ထောက်ပံ့ပေးတာကနောက်ထပ်လေးနှစ်အထိ ကိုဗစ်-၁၉ ရောဂါကနေ ပြန်ကောင်းလာတဲ့သူတွေမှာ ဘာတွေဖြစ်လဲဆိုတာမျိုး ဆက်လက် လေ့လာနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တာတွေက ကိုဗစ်-၁၉ ရောဂါရဲ့နောက်ဆက်တွဲရောဂါတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းလုံးက တွေ့ရှိချက်တွေနဲ့ သုတေသနဆောင်ရွက်ချက်တွေကို ရှေးဦးစွာတင်ပြခြင်းဖြစ်ပါတယ်။
ဒီလို နောက်ဆက်တွဲရောဂါတွေ ဘာကြောင့် ဖြစ်တာလဲ၊ နေကောင်းပြီး ရောဂါပိုးမတွေ့တာတောင်မှ ဘာဖြစ်လို့ ဒီလိုလက္ခဏာတွေ ခံစားနေရသလဲဆိုတာကလည်း ဆေးပညာရှင်တွေနဲ့ သိပ္ပံပညာရှင်တွေ အလွန်စိတ်ဝင်စားတဲ့ကိစ္စပါ။
ပညာရှင်တွေ ယူဆတာက ကိုဗစ် - ၁၉ ရောဂါ အနေနဲ့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို အဓိက ကစဉ့်ကလျားဖြစ်စေပြီး ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုတွေ ဖြစ်စေပြီး ဦးနှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်စေပါတယ်။
ဦးနှောက်နဲ့ အာရုံကြောစနစ်အပြင် ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ကိုဗစ်-၁၉ ရောဂါပိုးဝင်လို့ရတဲ့ ACE2 Receptor ရှိတဲ့ ဆဲလ်တွေက ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ရှိနေပါတယ်။ ဒီဆဲလ်တွေကို ဝင်ရောက်ပြီး ရောင်ရမ်းမှုတွေ ဆက်လက် ဖြစ်စေတဲ့အခါ နှလုံးနဲ့သွေးကြောစနစ်၊ အသက်ရှူ လမ်းကြောင်းစနစ်၊ အစာအိမ်နဲ့ အူလမ်းကြောင်း စနစ်စသဖြင့်အများကြီးပါပဲ၊ ဒါတွေအကုန်လုံးကို ထိခိုက်စေပါတယ်။ ဒီလိုရောင်ရမ်းမှုတွေ ခန္ဓာကိုယ်အနှံ့မှာ ဆက်ပြီးကျန်နေတာက နောက်ဆက်တွဲ ခံစားရတဲ့ ရောဂါဝေဒနာတွေဖြစ်စေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။
နောက်ထပ်အကြောင်းရင်းတစ်ခုက ကိုဗစ်-၁၉ ရောဂါ ကုသပေးတဲ့ ဆေးတွေပါ။ ဥပမာ - Dexamethasone လိုဆေးတွေပေးရင် သွေးချိုပိုတက်စေတာမျိုး၊ သွေးပေါင်တက်စေတာမျိုး စသဖြင့်တွေ့ရပါတယ်။ ရောဂါကုသတဲ့ ဆေးဝါးတွေရဲ့ သဘောက တစ်ဖက်မှာ ကောင်းကျိုးဖြစ်စေသလို တစ်ဖက်မှာ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။
ဒီလိုမျိုး အကြောင်းရင်းတွေနဲ့ လူနာရဲ့ ရောဂါအခံရှိမှု၊ အသက်အရွယ် စသဖြင့် စုပေါင်းပြီး နောက်ဆက်တွဲ ရောဂါဝေဒနာတွေ အမျိုးမျိုး ဖြစ်ပွားတယ်လို့ ကောက်ချက်ချယူဆထားကြပါတယ်။ နောက်ပိုင်း သုတေသနတွေ့ရှိချက်တွေကို ဒီထက်ပိုပြီး စုံစုံလင်လင်တွေ့လာရရင် ဒီဖြစ်ပွား ရတဲ့အကြောင်းရင်းတွေ ပိုပြီးသိရှိလာမှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါက တော်တော် ဆိုးရွားတဲ့ ရောဂါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖြစ်ပွားတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အနေနဲ့ အသက်ရှူမဝ အောက်ဆီဂျင် ကျတာက နေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ တစ်ဖက်က စိတ်ပိုင်းဆိုင်ရာအနေနဲ့ ပြန်ကောင်း လာခဲ့ရင်တောင် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ နောက်တစ်ခု လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှု တွေဖြစ်စေပါတယ်။
လူတစ်ယောက်သည် ကျန်းမာရေးနဲ့ ပြည့်စုံတယ်လို့ သတ်မှတ်ဖို့အတွက် ကျန်းမာခြင်းရဲ့ အနက် အဓိပ္ပာယ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖွင့်ဆိုထားတာရှိပါတယ်။ ဒါက “လူတစ်ယောက် သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းဆိုင်ရာ ဒီသုံးခုလုံးမှာ ပြည့်စုံပြီး ကောင်းမွန်တဲ့အခါကျမှ ကျန်းမာခြင်းနဲ့ပြည့်စုံတယ်” ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာခြင်းရဲ့ အနက် အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။
ကိုဗစ်-၁၉ ရောဂါက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာတွေကို ထိခိုက်ပါတယ်။ ကျန်းမာခြင်းရဲ့ အင်္ဂါရပ် သုံးခုစလုံးကိုထိခိုက်စေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါ မဖြစ်တာ အကောင်းဆုံးပါ။
ဒါကြောင့် မဖြစ်အောင် ကာကွယ်ကြပါ။ မက်စ်တပ်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာ နေထိုင်ခြင်း ဒါတွေကို မဖြစ်မနေ ဆောင်ရွက်ပြီး ရောဂါမဖြစ်အောင် ကာကွယ်တာကအကောင်းဆုံးပါ။ ရောဂါဖြစ်ပြီးတဲ့ နောက်မှာ နောက်ဆက်တွဲရောဂါတွေ ရှိလာနိုင်ပါတယ်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီးနောက် မိမိခန္ဓာ ကိုယ်မှာ ရောဂါအသစ် ထပ်ပေါ်လာတာ ရှိနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ ဒီရောဂါကို စတွေ့ချိန်ကစလို့ တစ်နှစ် ကျော်/ နှစ်နှစ်ကာလထဲကို ရောက်လာတဲ့ ကာလဖြစ်တာတောင် သူ့နောက်ဆက်တွဲက ဘာတွေဖြစ်နိုင်လဲဆိုတာ အကုန်မသိနိုင်သေးပါဘူး။ ရှေ့မှာ တင်ပြခဲ့သလို သုတေသနတွေ အများကြီး ဆက်လုပ်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ရောဂါမဖြစ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ကာကွယ်ခြင်းသာ အကောင်းဆုံးဆိုတာ ဒီနေရာကနေ ဦးစွာပထမ အသိပေးတင်ပြလိုပါတယ်။
ဒါဆိုရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာတွေကို ထိခိုက်စေ ပါတယ်။ ၁၀ ဦးမှာ တစ်ဦးအထက်က ဒီလိုမျိုး နောက်ဆက်တွဲရောဂါလက္ခဏာတွေခံစားရတတ်တယ်ဆိုတော့ ပထမဦးဆုံးတင်ပြလိုတာက ရုပ်ပိုင်း ဆိုင်ရာမှာ တွေ့ရတဲ့ လက္ခဏာတွေအနေနဲ့ အသက်ရှူလို့ သိပ်မကောင်းတာ ဖြစ်ပါတယ်။ နည်းနည်း နေကောင်းလာတာတောင် အသက်ရှူရတာ သိပ်မကောင်းဘူး၊ ရင်ခေါင်းမှာ တစ်ဆို့ဆို့ ကြီး ဖြစ်နေတယ်။
နောက်ထပ်လက္ခဏာတစ်ခုက ဘာပဲလုပ်လုပ် အားမရှိဘူး၊ နွမ်းနေတယ်၊ နုံးချည့်နေတယ်၊ အားကုန်နေတယ်ဆိုပြီး ဖြစ်ပါတယ်။ ဒီနှစ်ခုက အများဆုံးတွေ့ရတာပါ။ နောက်ထပ်တွေ့ရတာကချောင်းဆိုး မပျောက်ဘူး၊ လည်ချောင်းကယားလာတယ်၊ ချောင်းက ဆက်တိုက်ဆက်တိုက်ဆိုးချင်နေတာ ဖြစ်ပါတယ်။
နောက်ထပ် လက္ခဏာတွေက ခေါင်းကိုက်တယ်၊ ရင်တုန်တယ်၊ ရင်ထဲကနေ တလှပ်လှပ်နဲ့ တုန်လာတယ်၊ ရုတ်တရက် ထိုင်နေရတာကနေ ထလိုက်တဲ့အခါကျရင် မူးသွား တယ်၊ အနံ့ပျောက်တာကလည်း မကောင်းဘဲ အနံ့ကဆက်ပြီး ပျောက်နေတယ်၊ တစ်ခါတလေကျရင် အရသာပါ ဆက်ပြီးပျောက်နေတယ်။
မျက်စိကြည့်လို့ မကောင်းတာ၊ ဝါးတားတား ဖြစ်နေတာ နှစ်ထပ်မြင်တာတွေရှိတယ်။ သွေးပေါင် တွေ တက်လာတာ တွေ့ရတယ်။ တချို့လူနာတွေမှာ ဆေးရုံမတက်ခင်က သွေးတိုးရောဂါမရှိဘူး၊ ဆေးရုံဆင်းတော့မှသွေးတိုးရောဂါရှိလာတာ တွေ့ရတယ်။
ရေပြားပေါ်မှာ အကွက်တွေ ထွက်လာတာ၊ နောက်တစ်ခုက အမျိုးသမီးတွေမှာ ဓမ္မတာတွေ မမှန်တော့တာ စသဖြင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပြီး လက္ခဏာတွေ ဖြစ်ပွားတာလည်း အများကြီးတွေ့ရပါတယ်။ အဖြစ် အများဆုံးက စဉ်းစားလို့ဘာမှမရဘူး။ ခေါင်းထဲမှာဘာမှမရှိဘူး။ Brain Fog လို့ ခေါ်ကြပါတယ်။ ဦးနှောက်ထဲမှာ အခိုးအငွေ့တွေနဲ့ မှိုင်းနေသလို ဘာမှစဉ်းစားလို့ မထွက်တာမျိုး ဖြစ်နေတယ်။ လေးလေးနက်နက် စဉ်းစားလေ ပိုပြီးမထွက်လေ၊ စိတ်ရှုပ်လေဖြစ်တာမျိုးတွေ ရှိပါတယ်။ စိတ်ကဘာမှ စဉ်းစားလို့မရဘူး၊ စိတ်အားကုန်သွားတယ်။ ဦးနှောက်ထဲမှာ Block ဖြစ်သွားတယ်ဆိုတာကို တွေ့ရပါတယ်။
နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု (Mood changes) ပါ။ အရင်ကစိုးရိမ်စိတ်တွေ မရှိဘူး၊ အခု တစ်ခုခု ကြားလိုက်တယ်ဆိုရင် ထိတ် ခနဲ စိုးရိမ်စိတ်နဲ့ လန့်သွားတာမျိုး (Anxiety)တွေ၊ စိတ်ဓာတ်တွေကျပြီး ဘာမှမလုပ်ချင်၊ မကိုင်ချင်ဖြစ်တာမျိုး (Depression)တွေ တွေ့လာရပါတယ်။ အရင်က ဒါမျိုးတွေမရှိပေမယ့် ပြန်ကောင်းလာတဲ့ အချိန်မှာ ဖြစ်လာတာမျိုးတွေ တွေ့ရပါတယ်။
နောက်တစ်ခု ဆေးရုံတက်ပြီး ဆေးရုံအထူး ကြပ်မတ်ကုသဆောင်(ICU)မှာ ကြာကြာနေရပါ တယ်။ မိမိခန္ဓာကိုယ်မှာလည်း ပိုက်တွေပေါင်းစုံ တပ်ထားရတယ်။ တစ်ဖက်မှာ ကိုယ့်ခုတင်နားက လူနာတွေ ဆုံးသွားတာတွေကို မြင်ခဲ့ရတယ်။ ဒီလို မြင်ကွင်းတွေ၊ စိတ်ထဲမှာ ခံစားရတာတွေက မပျောက်တော့ဘူး။ မျက်စိမှိတ်လိုက်တာနဲ့ ဒီမြင် ကွင်းတွေ မြင်နေတယ်။ နောက်ပိုင်းမှာ အိပ်မက်ဆိုးတွေ မက်တာတွေရှိလာပါတယ်။
ဒါတွေက Post-Intensive Care Syndrome (PICS) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တတ်ပါတယ်။ ဒါတွေသိပ်ပြီး ပြင်းထန်လာရင် တွေးခေါ်ဆုံးဖြတ်တဲ့အပိုင်းတွေမှာ လွဲမှားလာတာ၊ ထစ်ခနဲဆို စိတ်တိုပြီး တစ်ခုခုလုပ်မိတာတွေရှိလာ Rulli Blog Post-Traumatic Stress Disorder (PTSD)လို့ခေါ်ပါတယ်။ ဒီလိုစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ တော်တော်များများ ဖြစ်တတ်ပါတယ်။ ဒါကနဦးအနေနဲ့ တွေ့ရှိချက်တွေ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ဒီထက်များလာစရာ ရှိပါတယ်။ ဘာတွေဆက်ပြီး ဖြစ်နိုင်တယ်ဆိုတာ သုတေသနပြု လေ့လာရဦးမှာဖြစ်ပါတယ်။
နောက်ပြီး လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး ထိခိုက်မှုတွေ၊ ဝင်ငွေနဲ့ပတ်သက်ပြီး ထိခိုက်မှုတွေ ဒါတွေရှိနိုင်ပါ တယ်။ မိတ်ဆွေအပေါင်းအသင်းတွေ ဆုံးရှုံးတာ ရှိနိုင်တယ်။ မိသားစုဝင်တစ်ယောက်ယောက် ဆုံးရှုံးတာ၊ အိမ်မှာအဓိကဝင်ငွေရှာပေးနေတဲ့ အိမ်ထောင် ဦးစီးလိုမျိုး ဆုံးရှုံးတာမျိုးဆိုရင်လည်း မိသားစု စီးပွားရေး၊ ဝင်ငွေရလမ်းနဲ့ ဘဝရပ်တည်မှုအပေါ်ထိခိုက်နိုင်တာတွေ ရှိပါတယ်။
ပြန်ပြီးခြုံငုံပြောရရင် ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိပါတယ်။ အနည်းနဲ့ အများသာ ကွာခြားပါတယ်။ ပြန်ကောင်းလာသူ ၁၀ ဦးမှာ တစ်ဦးနှုန်းထက် ပိုပြီးခံစားနိုင်ရပါတယ်။ အချို့က သက်သက်သာသာနဲ့ ပြန်ကောင်းသွား တယ်။ အချို့ကဆက်ပြီးခံစားနေရတယ်။ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက ပုံမှန်အား ဖြင့် ရက်သတ္တပတ် သုံးပတ်၊ လေးပတ်ဆိုရင် ပြန်ကောင်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့မှာ ခြောက်လလောက်အထိကို ပြန်မကောင်းဘူး။ အချို့ဆို တစ်နှစ်လောက်အထိ မကောင်းဘူးဆိုတဲ့ လူတွေလည်းရှိပါတယ်။ များသောအားဖြင့် သုံးလလောက်နေရင် ပြန်ကောင်းသင့်ပါတယ်။ ဒီထက် ကြာရှည်နေရင် ဂရုစိုက်ရမယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပြသပြီး ဆေးကုသမှုခံယူရပါမယ်။
ကိုဗစ်-၁၉ ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ လျော့ပါးသက်သာစေရေး ကိုဗစ်-၁၉ ရောဂါ ပြန်ကောင်းလာသူတွေအနေနဲ့ လိုက်နာရမယ့် အချက် (၈)ချက်ကို တင်ပြလိုပါတယ်။ နံပါတ် (၁) အချက်က စိတ်ဓာတ်ကျတာ၊ စိုးရိမ်ထိတ်လန့်တာတွေက အိပ်ရာထဲမှာ လှဲနေရင် ပိုဆိုးပါတယ်။ လူက မလှုပ်လေလေ ခန္ဓာကိုယ်က သန်စွမ်းမှုအင်အားကို ပြန်လည်တည်ဆောက်ရ ခက်လေလေ ဖြစ်ပါတယ်။ အိပ်ရာထဲလှဲမနေဘဲ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလုပ်တာတွေကို တတ်နိုင်သမျှ စတင်လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ နောက်ပြီး တစ်နေ့တာအတွင်း လှုပ်ရှားမှုအကြိမ်ရေ၊ တစ်ခါလှုပ်ရှားရင်ကြာမြင့်ချိန်၊ ပြင်းထန်မှု စသဖြင့် တတ်နိုင်သလောက် မိမိဘာသာသတိပြုပြီး တဖြည်းဖြည်းချင်းတိုးပြီး လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။
နာလန်ထ လူမမာအတွက် အရေးကြီးတာက အသက်ရှူ လေ့ကျင့်ခန်းဖြစ်ပါတယ်။ အလွယ်ဆုံး လည်းဖြစ်၊ အရင်ဆုံးစပြီးလုပ်သင့်တာလည်း ဖြစ်ပါတယ်။ အဆုတ်က လေပူဖောင်းလိုဖြစ်လို့ ကြွက်သားတွေ မရှိပါဘူး၊ အဆုတ်ကို ကြွက်သားတွေလို
သန်မာအောင်လုပ်လို့ မရပါဘူး။ ဒါပေမယ့် လူအသက်ရှူတဲ့အခါမှာတော့ ကြွက်သားတွေက မဖြစ်မနေ ပါဝင်ပြီးလှုပ်ရှားရပါတယ်။ အဓိက လှုပ်ရှား ရတာ ဝမ်းဗိုက်ကန့်လန့်ကာ ကြွက်သား (Diaphragm)၊ ပြီးတော့ နံရိုးကြားမှာရှိတဲ့ ကြွက်သားတွေ၊ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေက ဝိုင်းပြီး အလုပ် လုပ်ပေးရတာဖြစ်ပါတယ်။
လေ့ကျင့်ပေးတာနဲ့အမျှ အသက်ရှူတဲ့ ကြွက်သားတွေကသန်မာလာတယ်။ အလွယ်ကူဆုံး နည်းက အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းလိုက်တယ်။ ဖြည်းဖြည်းချင်းပြန်ရှူထုတ်ဖို့ပါ။ ငါးစက္ကန့်၊ ခြောက်စက္ကန့်လောက် ဖြည်းဖြည်းချင်း ရှူသွင်းလိုက်မယ်၊ ပြီးရင် ခုနစ်စက္ကန့်၊ ရှစ်စက္ကန့်ကြာအောင်ဖြည်းဖြည်းချင်း နှုတ်ခမ်းလေးစူပြီး လေပြန်ထုတ် မယ် ဒါမျိုးတစ်ရက်ကို အနည်းဆုံး လေး၊ ငါးကြိမ်လောက် လုပ်ပေးလိုက်ရင် စိတ်လည်းတည်ငြိမ် တယ်၊ အသက်ရှူတဲ့ ကြွက်သားတွေကို လေ့ကျင့်ပေးရာ ရောက်ပါတယ်။ သိပ်မပြင်းထန်တဲ့ ကိုယ် လက်လှုပ်ရှားမှုတွေနဲ့ အသက်ရှူလေ့ကျင့်ခန်းကို တွဲလုပ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းလုပ်ပြီး ဆက်မလုပ်ဘဲနေလို့ မရပါဘူး။ ပြန်ကောင်းလာ တဲ့ကာလမှာ နေ့စဉ်ဆက်တိုက် ကိုယ်တတ်နိုင် သလောက်လုပ်ဖို့ အရေးကြီးပါတယ်။
နံပါတ် (၂) အချက်က အစားအသောက်ဝဝလင်လင် ပြန်စားပေးဖို့ပါ။ အချို့က နုံးနေတာ၊ မလှုပ်ချင်တာကြောင့် အစားအသောက် မစားဖြစ်ဘူး။ အနံ့၊ အရသာပျောက်နေရင်လည်း အစာမစား ချင်တော့ဘူး။ ဒီလိုမျိုးတွေ ဖြစ်တယ်ဆိုရင်လည်း အောင့်အည်းသည်းခံပြီး စားဖို့လိုပါတယ်။ စားတဲ့အခါမှာ အာဟာရပြည့်ဝဖို့၊ ခန္ဓာကိုယ်ထဲမှာရောင်ရမ်းနေတာတွေကျဖို့ရည်ရွယ်ပြီး စားသောက်သင့်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ သဘာဝ အသီးအနှံတွေ၊ ဥတွေ၊ အသားတွေ၊ များများစားပေး ဖို့လိုပြီး အဓိက ပရိုတိန်းဓာတ်နဲ့ ဗီတာမင်ဓာတ် တွေကို ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ခန္ဓာကိုယ်က ခုခံအားစနစ် ပြန်တည်ဆောက်တဲ့အခါ အသားဓာတ်တို့၊ ဗီတာမင်တို့ အများကြီးလိုပါတယ်။ ဒီတော့သူတို့ကို များများစားပေးဖို့ လိုပါတယ်။
ရှောင်ရမယ့် အစားအသောက်တွေရှိပါတယ်။ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေ ဖြစ်စေတဲ့ အစား အသောက်တွေ၊ ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးများမယ့် အစားအသောက်တွေ ဒါတွေကို ရှောင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အသင့်စား အစားအသောက်တွေမှာ ပါဝင်တဲ့ အသွင်ပြောင်း ဆီပါတဲ့ အစားအသောက်တွေကို လုံးဝမစားမိဖို့ လိုပါတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောင်ရမ်းမှုတွေကို ပိုပြီးဖြစ်စေပါတယ်။ လုံးဝရှောင်ရှားရမှာ ဖြစ်ပါတယ်။ ခဏခဏ ပြန်ကြော်ထားတဲ့ ဆီတွေနဲ့ကြော်ထားတဲ့ အစားအစာတွေကို မစားမိဖို့လိုပါတယ်။
ဒီအချိန်မှာ ဆေးလိပ်သောက်တာ၊ အရက် သောက်တာတွေကခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောင်ရမ်း မှုတွေကို တက်စေပါတယ်။ အသည်းကို ထိခိုက်မှု တွေဖြစ်စေတယ်။ ဒါကြောင့် ဒါတွေကို ရှောင်ရှားရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အားမွေးပြီး ခန္ဓာကိုယ်က အစာနဲ့အရည် ဓာတ်များများရအောင် စားသောက်ပေးရမှာ ဖြစ်ပါတယ်။
နံပါတ် (၃) အချက်က စိတ်ကို အနားပေးရမှာ ဖြစ်ပါတယ်။ စိတ်ရှုပ်စေမယ့် ဆိုရှယ်မီဒီယာ ကြည့်တာတွေကို ရှောင်သင့်ပါတယ်။ ဖြစ်နိုင်ရင် ဆိုရှယ်မီဒီယာ ခဏအဆက်အသွယ်ဖြတ်ထားပါ။ စိတ်ကိုကြံ့ခိုင်ကျန်းမာစေမယ့် သက်ဆိုင်ရာ ဘာသာတရားအလိုက်ပုတီးစိပ်၊ တရားထိုင်တာတွေ လုပ်ဖို့လိုပါတယ်။ စိတ်ချမ်းသာအောင် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားပြောတာ၊ တိုင်ပင် တာ၊ တစ်ခုခုစိတ်ထဲမှာခံစားရရင် မိသားစုတွေနဲ့ ဝေမျှခံစားတာ၊ ကိုယ့်ကို အကြံဉာဏ်ပေးနိုင်မယ့် သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာတွေ လုပ်ဆောင် သင့်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ နောက်တစ်ခု အလေး ထားပြီး လုပ်ရမယ့်ကိစ္စက မှတ်ဉာဏ်ပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ငယ်သူငယ်ချင်းနာမည်တွေကို စဉ်းစားပြီးရေးချတာ၊ ဖုန်းနံပါတ်တွေ ပြန်ရေးကြည့်တာ၊ တချို့ ပုစ္ဆာဖြေရှင်းတဲ့ ပေါ့ပေါ့ပါးပါး ဂိမ်း(Puzzle game) တွေကို ကစားတာ ဒါမျိုးတွေကို လုပ်ဆောင်ပြီး ဦးနှောက်မှတ်ဉာဏ်ကို ပြန်ကောင်းအောင် လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ယူရင် တဖြည်းဖြည်းပြန်ကောင်းလာတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် စိတ်ထိခိုက်နိုင်တာတွေကို ရှောင်ကြဉ်ပြီး မှတ်ဉာဏ်ပြန်ကောင်းစေမယ့် အရာတွေကို ဆောင်ရွက်သင့်ပါတယ်။
နံပါတ်(၄) အချက်က နေ့စဉ် ၇ နာရီ၊ ၈ နာရီ လောက် အိပ်ရေးဝအောင် အိပ်ဖို့လိုပါတယ်။ တစ်ရက်ကို ၁၂ နာရီ၊ ၁၄ နာရီလောက် အအိပ်မလွန်ဖို့ လိုပါတယ်။ ကိုယ့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် အိပ်ရေးဝဖို့လိုပါတယ်။ များသောအားဖြင့် အိပ်မပျော်တာတွေ ဖြစ်တာများပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဆိုတာများသောအားဖြင့် အိပ်နေတဲ့အချိန်မှာ ပြန်လည်ပြီးတည်ဆောက်ရတာ ဖြစ်ပါတယ်။ အိပ်ရေးမဝလေလေ၊ အိပ်ရေးပျက် လေလေခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကတည်ဆောက်မှု အားနည်းလေလေဖြစ်ပါတယ်။
ကျွန်တော်တို့ အမြဲတမ်းပညာပေးတဲ့ သတင်းစကားဖြစ်တဲ့ အိပ်ရေးဝအောင် အိပ်ပါဆိုတာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကောင်းမွန်စွာ တည်ဆောက်စေလိုတဲ့ သဘောနဲ့ ဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့အခါ ပြန်လည်ပြီး နေကောင်းတာက ကြာမယ့်အပြင် အခြား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေ အများကြီးထိခိုက်မှာ ဖြစ်ပါတယ်။
အိပ်ခါနီး အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ တရားမှတ်တာ၊ သီချင်းနားထောင်တာ၊ ကိုယ်စိတ် ဝင်စားတဲ့ စာတစ်ခုခု ဖတ်တာ၊ ကိန်းဂဏန်းတွေ ရေတွက်ပေးတာတွေက အိပ်ပျော်ဖို့ကို အားပေးပါတယ်။ ဒါတွေလုပ်လို့မှ အိပ်မပျော်ဘူး၊ အိပ်ဆေး တွေဆက်တိုက် သောက်နေရတယ်ဆိုရင်ကျွမ်းကျင် တဲ့ ပညာရှင်နဲ့ တိုင်ပင်သင့်ပါတယ်။
နံပါတ်(၅) အချက်ကနေ ပြန်လည်ကောင်းမွန်တဲ့ ခရီးလမ်းကြောင်း (Recovery Journey) ကို သွား နေတဲ့အချိန်မှာ စိတ်မလောဖို့၊ ဖြည်းဖြည်းနဲ့မှန်မှန် ဖြစ်ဖို့ လိုပါတယ်။ အချို့က လူငယ်လည်းဖြစ်တော့ ဆေးရုံဆင်းပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်လူကောင်းလို့ ထင်တတ်ကြပါတယ်။ မိမိခန္ဓာကိုယ်က အထဲမှာ တစ်ခုခုဖြစ်နေတာ ရှိနေနိုင်ပါတယ်။ လုံးဝကောင်း ပြီလို့ မှန်းလို့မရသေးတဲ့အခြေအနေပါ။ ဥပမာအနေနဲ့ နှလုံးကြွက်သားရောင်နေတယ်၊ ကိုယ်ကမသိဘူး၊ လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်လိုက်မိရင် ရုတ်တရက်နှလုံးခုန်ရပ်သွားတာ၊ နှလုံးခုန်တာ စည်းချက်မမှန်တော့တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်၊ အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မလောပါနဲ့။ ကိုယ်သည် လူကောင်းတစ်ယောက် မဖြစ်သေးဘူး၊ နာလန်ထခါစလူမမာ ဖြစ်တယ်ဆိုတာကို ခံယူပြီး ဖြည်းဖြည်းချင်းပြန်ပြီး အားမွေးယူရမှာ ဖြစ်ပါတယ်။
နံပါတ်(၆) အချက်က ကိုယ့်ကိုယ်ကိုယ် စောင့်ကြည့်ရမယ့် အချက်တွေရှိပါတယ်။ နေကောင်းလာလို့ ဆေးရုံကဆင်းလာပြီ၊ ကိုယ်အသက်ရှူရအလွန်ခက်နေလား ဒါဆိုရင်အရေးကြီးလာပြီ။ နောက်တစ်ခုက ရင်ဘတ်အောင့်တာ၊ ရင်ဘတ်အပေါ်က အလေးကြီးတစ်ခုခုနဲ့ ဖိထားသလို ခံစားနေရမယ်ဆိုရင် နှလုံးတိုက်ခိုက်ခံရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက စိတ်အလွန်ရှုပ်လာမယ်၊ စကားပြောရတာ မပီချင်တော့ဘူး၊ သတိလစ်ချင်သလိုဖြစ်လာပြီဆိုရင် ချက်ချင်းကျန်းမာရေးဌာနနဲ့ ဆက်သွယ်ပြီး အရေးပေါ်သွားရောက်ရမှာဖြစ်ပါတယ်။ နောက်ပြီး မျက်နှာ၊ နှုတ်ခမ်းတွေ ပြာလာမယ်ဆိုရင် အောက်ဆီဂျင် ကောင်းကောင်း၊ မရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အောက်ဆီဂျင် တိုင်းတဲ့စက်ရှိရင် ပုံမှန်တိုင်းကြည့်နေရမှာ ဖြစ်ပါတယ်။ အောက်ဆီဂျင် ၉၄ ရာခိုင်နှုန်း အောက်ကျနေပြီဆိုရင် နီးစပ်ရာမိသားစုဆရာဝန် (သို့မဟုတ်) ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြား ကုသမှုခံရမှာဖြစ်ပါတယ်။
ကျန်းမာရေးဌာနကို ချက်ချင်းသွားစရာမလိုပေမယ့် သတိပြုစောင့်ကြည့်ပြီး ကိုယ့်ဆရာဝန်ဆီကို မဖြစ်မနေဆက်သွယ်ရမယ့် အချက်တွေရှိပါတယ်။ ဒါက တစ်ညလုံးအိပ်လို့ မပျော်ဘူး၊ အိပ်ပျော်ချိန်က ၁၀ မိနစ်၊ ၁၅ မိနစ်၊ နာရီဝက်လောက်ပဲ အိပ်ပျော်တဲ့ ညတွေဆက်တိုက် ဖြစ်လာတယ်။ နောက် တစ်ခုကကိုယ်အလေးချိန်တစ်ပတ်၊ နှစ်ပတ်အတွင်း သိသိသာသာကျသွားတယ်၊ ဒါမှမဟုတ် ကိုယ် အလေးချိန်တွေ သိသိသာသာ တက်လာတယ်။
ဒါမျိုးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောလိုမျိုး ဆက်တိုက်ဖြစ်လာရင်လည်း ဆရာဝန်နဲ့ ဆက်သွယ်တိုင်ပင်ဖို့ လိုပါတယ်။
နံပါတ် (၇)အချက်အနေနဲ့ မည်သူမဆို အထူး သဖြင့် အသက်အရွယ်ကြီးတဲ့သူတွေအနေနဲ့ သိပ် လည်း နေပြန်မကောင်းသေးဘူးဆိုရင် တစ်ယောက် တည်းမနေသင့်ဘဲ မိသားစုရှိတဲ့နေရာ၊ အရေးပေါ် ပြုစုစောင့်ရှောက်ပေးနိုင်မယ့်လူတွေအနားမှာ အနီးကပ်နေတာ ကောင်းပါတယ်။ ခုနပြောတဲ့ နောက် ဆက်တွဲလက္ခဏာတွေပေါ်လာတာ၊ အိပ်မပျော်တာ၊ စားမဝင်တာ၊ စိုးရိမ်ထိတ်လန့်တာစသဖြင့် တစ်ခုခုဆိုရင် တိုင်ပင်ဖော်၊ တိုင်ပင်ဖက်အဖော်လိုပါတယ်။ လုံးဝအရှင်း ပြန်မကောင်းသေးတဲ့ ကာလမှာ တစ်ယောက်တည်းနေတာကို ရှောင်ကြဉ်သင့်ပြီး မိမိကို အနီးကပ်စောင့်ရှောက်နေနိုင်မယ့်သူ မိသားစုနဲ့အတူ နေထိုင်သင့်ပါတယ်။ ဆေးရုံ၊ ဆေးခန်းသွား ရမယ်ဆိုရင် သူတို့က ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။
နံပါတ် (၈) အချက်က လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လျှော့ချဖို့လိုပါတယ်။ နေပြန်ကောင်းလာပြီ၊ တစ်ယောက်တည်း သီးသန့်ခွဲခြား (Isolation) နေရမယ့်ကာလလည်း ပြည့်ပြီဆိုရင် ကိုယ့်လုပ်ငန်းခွင်ရှိတဲ့နေရာကို ပြန်သွားသင့်ပါ တယ်။ ဒီလိုသွားတဲ့အခါမှာလည်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask)တပ်၊ လက်ဆေး၊ခပ်ခွာခွာနေ၊ လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေ စတာတွေ အပြင် မိမိတို့လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်အလိုက်ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သွားလာနေထိုင်လုပ်ကိုင်ဖို့လိုပါတယ်။
အလုပ်ထဲပြန်ရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုတွေက သက်သာလာ မယ်၊ ပြန်လည်ကျန်းမာပြီး စိတ်လည်းချမ်းသာမယ်၊ ဝင်ငွေလည်းကောင်းမယ့်သူ တစ်ယောက်အဖြစ် ပြန်လည်ရပ်တည်လာနိုင်မှာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပြန်ကောင်းလာသူတွေအနေနဲ့ ဒီအချက် (၈) ချက်က လိုက်နာသင့်တဲ့ အချက်တွေ ဖြစ်ကြောင်း ဒီနေရာကနေ အကြံပြုတင်ပြလိုပါ တယ်။ ပြည်သူများလည်း ကိုဗစ်-၁၉ ရောဂါနဲ့ နောက်ဆက်တွဲခံစားရတဲ့ ရောဂါတွေအန္တရာယ်က ကင်းဝေးကြပါစေလို့ ထပ်မံပြီးဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။
ထက်လျှံ