Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း ဝါသီးနှံမျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ် သုံးစွဲစိုက်ပျိုးနိုင်ရေး မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၅၀၀၀၀ ကျော် စိုက်ပျိုးမည်

မန္တလေး ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးတောင်သူများ ဝါသီးနှံ မျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်သုံးစွဲ စိုက်ပျိုးနိုင်ရေးအတွက် မိုးကြိုချည်မျှင်ရှည်ဝါ လျာထားဧက ၁၅၀၀၀၀ ကျော်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ မိုးကြိုချည်မျှင်ရှည်ဝါ စိုက်ပျိုးခြင်းသည် တိုင်း ဒေသကြီးအတွင်း ရေမြေဒေသအခြေအနေနှင့် ကိုက်ညီသည့် ဝါသီးနှံမျိုးကောင်း မျိုးသန့် မျိုးစေ့များ ထုတ်လုပ်သုံးစွဲ စိုက်ပျိုးနိုင်ရန်နှင့် ဝါစိုက်တောင်သူများ ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်မှုတွင် ကုန်ကျစရိတ်လျော့နည်းပြီး ဝါသီးနှံအရည် အသွေးမြှင့်မား၍ အထွက်တိုးလာစေရေးအတွက် မိုးကြို ချည်မျှင်ရှည်ဝါမျိုးကို စိုက်ပျိုးနေခြင်းဖြစ်ကြောင်း၊ ယင်းမျိုး များကို ယနေ့အချိန်ထိ ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်၍ ရာခိုင်နှုန်းအနေဖြင့် ၁၃ ဒသမ ၆၆ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က ပြောကြားသည်။

ကျွန်မတို့ စိုက်ပျိုးရေးဦးစီး ဌာနက ကျေးလက်နေတောင်သူတွေ ဝင်ငွေတိုးတက်ရေး၊ အရည် အသွေးကောင်းသီးနှံတွေ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် ဆောင် ရွက်ပေးနေပါတယ်။ ကျွန်မတို့ တိုင်းဒေသကြီးအတွင်းမှာ ချည်မျှင် ရှည်ဝါ စိုက်ပျိုးတာ များပါတယ်။ ဇူလိုင်လနဲ့ ယခုသြဂုတ်လကနေ စပြီး စိုက်ပျိုးနေကြပါတယ်။ ဈေးကွက်မှာလည်း ရောင်းတန်းဝင် မျိုးကောင်းတွေ ဖြစ်ပါတယ်။ ဝါကုန်သည်တွေလည်း အရည်အသွေးကောင်း ဝါမျိုးကောင်း မျိုးသန့်တွေကို ရရှိကြမှာဖြစ်ပါတယ်။ တောင်သူတွေအနေနဲ့ တစ်ကွင်းတစ်စပ်တည်းစိုက်တော့ မျိုးကောင်းတွေ ရပါတယ်။ ရေသောက်ဧရိယာအနေနဲ့ ဆည်ရေပေးတဲ့အခါမှာလည်း တစ်ကွင်း တည်းဆိုတော့ ရေပေးဝေတဲ့ အခါ အဆင်ပြေပြီး ရေအပြည့်အဝ သောက်သုံးနိုင်ပါတယ်။ ဝါမျိုးကောင်းမျိုးသန့် အထွက်နှုန်းတိုး တက်ရေးအတွက်လည်း နည်းပညာတွေကို ပေးသွားမှာဖြစ်ပါ တယ်ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုမိုးကြို ချည်မျှင်ရှည်ဝါများ ကို ခရိုင် ခုနစ်ခရိုင်တွင် စိုက်ပျိုးနေ သည့် ဧကများမှာ မန္တလေးခရိုင် တွင် လျာထားဧက ၃၂၈ ဧက၊ ပြင်ဦးလွင်ခရိုင်တွင် လျာထားဧက ၁၇၃၄ ဧက၊ ကျောက်ဆည်ခရိုင်တွင် လျာထားဧက ၃၃၁၃၈ ဧက၊ မိတ္ထီလာခရိုင်တွင် လျာထား ဧက၃၅၆၅၂ ဧက၊ မြင်းခြံခရိုင်တွင် လျာထားဧက ၂၀၃၈၈ ဧက၊  ညောင်ဦးခရိုင်တွင် လျာထားဧက  ၈၇၇ ဧကနှင့် ရမည်းသင်းခရိုင်တွင် လျာထားဧက ၅၈၉၀၀ တို့ဖြစ်ပြီး အဆိုပါ ခရိုင်အလိုက် စိုက်ပျိုးဧကများထဲမှ စိုက်ပျိုးပြီးနေသည့် ဧကသည် ဧက၂၀၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)