Skip to main content

မန္တလေးတိုင်းဒေသကြီးအတွင်း တပ်မတော်အရာရှိဟန်ဆောင်ကာ စီးပွားရေးလုပ်ငန်း ရှင်များထံမှ ငွေကြေး ကောက်ခံရယူသူအား ဖမ်းဆီးရမိ

 နေပြည်တော်၊  ဩဂုတ်  ၂၅

 

NUG၊ CRPH အဖွဲ့တို့အား ထောက်ခံအားပေးသည့် အကြမ်းဖက်သူများ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပျက်ပြားစေရန် အဖျက်အမှောက် လုပ်ငန်းများလုပ်ဆောင်ခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပုံရိပ်ပျက်ပြားစေရန် နည်းမျိုးစုံအသုံးပြုကာ လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် တပ်မတော်အရာရှိတစ်ဦးအဖြစ် ဟန်ဆောင်ကာ မန္တလေးမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများအား အကြောင်း အမျိုးမျိုးပြကာ တောင်းခံနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အသွင်ယူစောင့်ဆိုင်းကာ ချမ်းအေးသာစံမြို့နယ်၊ ၃၃ လမ်း၊ ၈၅လမ်းနှင့် ၈၆ လမ်းကြားတွင် ထက်ဝေဖြိုး (ခ)ကိုထက် (၃၀)နှစ်၊ (ဘ)ဦးစိုးဝင်း၊ ၈၆လမ်း၊ ၄၂လမ်းထောင့်၊ သံလျက်မှော် အနောက်ရပ်ကွက်၊ မဟာအောင်မြေမြို့ နယ်နေသူအား ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံ၏ ထွက်ဆိုချက်များအရ ဖေဖော်ဝါရီလလယ်ခန့်မှစ၍ တပ်မ(၉၉)မှ ဗိုလ်မှူး ဇော်လင်းထွန်း ဟု အမည်နာမ သုံးကာ မဟာအောင်မြေမြို့နယ်၊ “အောင်မိတ်ဆက် ဆန်ဆိုင်၊ “ရွှေထိုက် ဆန်ဆိုင်၊ “ချမ်းချမ်းကုန်စုံဆိုင်၊ “ဖိုးလုံးဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၊ “ရွှေသီး ကုန်မာဆိုင်၊ “စိန်ဝင်းဝင်းလက်ဘက် ရည်ဆိုင်၊ “မိုးမိုးကျော် သကြားဆိုင်တို့အား လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ်၊ “တျန်တင်စတိုးဆိုင်၊ “ငွေလမင်းဆန်ဆိုင်နှင့် “ဂြိုလ်တုစိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်တို့အား လည်းကောင်း အသီးသီးလိမ်လည်၍ ငွေတောင်းခံခဲ့ကြောင်း သိရှိရသည်။

 

ယခုနောက်ဆုံးအကြိမ်တွင် ချမ်းအေးသာစံမြို့နယ်ရှိ “ရွှေပြည်မိုးစိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်အား ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖုန်းဖြင့်ဆက်သွယ်ကာ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့ပြီး အဆိုပါငွေများအား သွားရောက်ယူဆောင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းနှင့် ငွေကြေးလိမ်လည်ကောက်ခံမှုများတွင် စုစုပေါင်း ငွေကျပ်သိန်း ၁၁၀ ခန့်ရရှိခဲ့ပြီး အဆိုပါငွေများအား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်းသိရှိရ သည်။

အထက်ပါ ဖမ်းဆီးရမိသူကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်