Skip to main content

သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်၌ အောက်ဆီဂျင်အရည်စက်ရုံ ဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၅

မွန်ပြည်နယ် သံဖြူဇရပ်မြို့ ဖောင်စိန်ရပ်ကွက်၌ အောက်ဆီဂျင်အရည် စက်ရုံဖွင့်ပွဲကို ယနေ့ နံနက် ပိုင်းတွင် အဆိုပါစက်ရုံနေရာ၌ ပြုလုပ်ရာသံဖြူဇရပ်မြို့ မြို့လယ်ကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇောတိပါလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း နှင့် တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် စက်ရုံတည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်သန်းက အလှူရှင်များကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကာ  ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် အောက်ဆီဂျင်အရည်စက်ရုံကို သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံအတွင်း အောက်ဆီဂျင် အရည် ထုတ်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

အဆိုပါစက်ရုံအား ကိုဗစ်-၁၉ကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မွန်ပြည်နယ် အတွင်းမှ ရဟန်းရှင်၊ လူ၊ ပြည်သူများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများ၏ စုပေါင်းလှူဒါန်း ငွေကျပ်သိန်း ၄၇၀၀ ဖြင့် ဇူလိုင် ၁၅ ရက်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင်အောက်ဆီဂျင် လီတာ ၄၀ စလင်ဒါအိုး ၁၂၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်