Skip to main content

၂၀၂၁ -၂၀၂၂ ခုနှစ် မိုးစပါး၊ နွေစပါး အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ်နိုင်ရေး ဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၄

လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ်(၃)၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လယ်ယာထုတ်လုပ် စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်အောင်က တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဦးဆောင်အဖွဲ့သည် နှစ်စဉ်အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်အတွင်း စိုက်ပျိုး ထုတ်လုပ်မည့် မိုးစပါးနှင့် နွေစပါးသီးနှံများအတွက် အခြေခံရည်ညွှန်း စပါးဈေးနှုန်း ထုတ်ပြန် ကြေညာနိုင်ရန် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ်အကြံပြုတင်ပြရေး လုပ်ငန်း ကော်မတီ အစည်းအဝေးကို ကျင်းပပြီး လာမည့်နှစ်စပါးထွက်ပေါ်မည့်ရာသီတွင် အခြေခံရည်ညွှန်း စပါးဈေးနှုန်း အဖြစ် စပါးတင်း ၁၀၀ လျှင် ငွေကျပ်ငါးသိန်း၊ ခြောက်သောင်း သတ်မှတ်သင့်ကြောင်း  ထောက်ခံ အဆိုပြုခဲ့ကြောင်း၊ ထပ်မံ၍ အဆိုပါ ဈေးနှုန်းအပေါ်တွင် ကုန်ဈေးနှုန်း၊ ဝန်ထမ်းလစာ၊ ပုဂ္ဂလိကနေ့စား လုပ်ခနှုန်းထားများနှင့် ချိန်ထိုးကြည့်ရန် လိုအပ်ချက်အရ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဝင်များမှ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ ဆွေးနွေးပေးကြရန် မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် ဒုတိယဝန်ကြီး၊ လယ်ယာထုတ်လုပ်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)