Skip to main content

ဆေးဝါများ လက်လီ/လက်ကား ရောင်းချသည့်အစီအစဉ် အရောင်းပြခန်း(၂)ဖွင့်လှစ်ရောင်းချ

ရန်ကုန် ဩဂုတ် ၂၃

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏စီစဉ်မှုဖြင့် ပြုလုပ်သော ဆေးဝါးများ လက်လီ/လက်ကား ရောင်းချသည့် အစီအစဉ် အရောင်းပြခန်း(၂)ကို ပန်းဘဲတန်း မြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ခင်းကျင်းပြသရောင်းချ ဈေးနှုန်းချိုသာသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကုသရေးဆေးဝါးများ အပါအဝင် အခြားအိမ်သုံးဆေးဝါးများအား ပြည်သူများ လက်လီ/လက်ကား ဝယ်ယူနိုင်ကြစေရန် ရည်ရွယ်၍ ခင်းကျင်းပြသ ရောင်းချပေးနေခြင်းဖြစ်သည်။ ဈေးကွက်အတွင်း၌ ဆေးနှင့် ဆေးပစ္စည်း ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးနှင့် ပြည်သူများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် အိမ်သုံးဆေးဝါးများ လက်လီ/လက်ကား

ရောင်းချခြင်းအစီအစဉ် အရောင်းပြခန်း(၂)ကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဆေးဝါးတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ် (DIAC) ရရှိထားကြသည့် အသင်းဝင် ကုမ္ပဏီပေါင်း ၂၀ ကျော်က ပြခန်းပေါင်း ၂၀ ကျော်ဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးနှင့် သက်ဆိုင်သော ဆေးဝါးများအပါအဝင် အခြားအားဆေးများနှင့် ဆေးပစ္စည်း အမျိုးအစားပေါင်း ၂၀၀ ကျော်ကို ခင်းကျင်းပြသ ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဝင်းမော်ဖြိုးထံမှ သိရသည်။

“အရောင်းပြခန်း(၂)ဖွင့်လှစ်ပြသတဲ့ ဒီနေ့မှာပဲ ဆေးအသစ်တွေ ထပ်မံရောက်ရှိလာတာမို့ ပြပွဲလာ ပြည်သူတွေနဲ့ အထူးစည်ကားလျက်ရှိပါတယ်။ လက်ရှိအလုံမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အရောင်း ပြခန်း(၁)ဟာဆိုရင်လည်း တစ်နေ့ထက်တစ်နေ့ ရောင်းအားတက်လာသလို ခင်းကျင်းပြသရတဲ့ အချိန်တွေဟာဆိုရင်လည်း အချိန်ပိုများလာပြီး လာရောက်ကြည့်ရှု လေ့လာဝယ်ယူကြတဲ့ မိဘပြည်သူတွေအနေနဲ့လည်း စိတ်ဝင်တစား ရှိလာကြတာမို့ ပန်းဘဲတန်း မြို့နယ်က မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနမှာ ထပ်မံဖွင့်လှစ် ဆောင်ရွက်ထားတဲ့ အရောင်းပြခန်း(၂)ကိုပါ လာရောက်ဝယ်ယူအားပေးကြပါလို့ မိဘပြည်သူ များကို ဖိတ်ခေါ်ချင်ပါတယ်။ လက်ရှိ ဖွင့်လှစ်ပြသ ရောင်းချပေးနေတဲ့ အရောင်းပြခန်း(၁)ကိုလည်း ရောင်းချမှုမရပ်နားဘဲ ဆက်လက်ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိပါတယ်”ဟု မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဝင်းမော်ဖြိုးက ပြောသည်။

တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်စေရန်

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးနှင့် သက်ဆိုင်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများအပါအဝင် ဆေးဝါးကုမ္ပဏီများမှ တင်သွင်းကြသော ဆေးဝါးနှင့် ဆေးပစ္စည်း မျိုးစုံတို့အား ကုမ္ပဏီတိုက်ရိုက်ရောင်းချ ဈေးနှုန်းများဖြင့် ပြည်သူများ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်စေရန်အတွက် တင်သွင်းဆေးဝါးများ၏ Price List များကို စုစည်း၍ ယခုအပတ်မှစတင်ကာ တစ်ပတ်လျှင်တစ်ကြိမ် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ Website (www. mccpmd.org) နှင့် လူမှုကွန်ရက်စာမျက်နှာတို့မှ တစ်ဆင့် အသိပေးကြေညာပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင် များ အသင်းမှ သိရသည်။

သတင်း- ပွင့်သစ္စာ

ဓာတ်ပုံ- စိုးမြင့်အောင်