(၂၂-၈-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် -
- တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ခြင်း၊
- နေအိမ်ပြင်ပသို့သွားရောက်ရန်ရှိပါကပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊
- လက်ကိုမကြာခဏဆေးကြောခြင်း၊
- တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊
- မိမိတို့ နေအိမ်တွင် အသက် (၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခုခံစားနေရသူရှိပါကထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေခြင်း၊
- COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းတို့ကိုအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန် ဆောင်ရွက်လျက်ရှိရာ (၂၁-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၂-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၉၉၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂,၁၇၃) ဦး တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၃,၄၂၆,၂၀၉)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၃၇၃,၆၈၅) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၃,၅၃၇) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၂၉၈,၈၇၅)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁၃၈) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၄,၃၇၄) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၁-၈-၂၀၂၁) ရက်နေ့အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသူ (၁,၇၉၆,၈၃၀) ဦး၊ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၂,၆၆၀,၀၂၇) ဦးရှိပြီဖြစ်၍ စုစုပေါင်းလူဦးရေ (၄,၄၅၆,၈၅၇) ဦးအား ထိုးနှံထားရှိပြီဖြစ်ပါသည်။