Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပဲခူးအချုပ်ထောင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည်  ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးအချုပ်ထောင်ကို ကြည့်ရှုစစ်ဆေးကာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့၊ ပဲခူးအချုပ်ထောင်ရှိ ဗဟိုကင်းစစ်ရေးပြအဖွဲ့၊ အကျဉ်းသားအိပ်ဆောင်၊ သောက်ရေသန့်စက်ရုံနှင့် စားဖိုဆောင်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးက  အကျဉ်းသားများကို အချုပ်ထောင်စည်းကမ်းများ နှင့်အညီထားရှိပြီး ရသင့်ရထိုက်သည့် ကျွေးမွေးမှုများကိုလည်း ကောင်းမွန်မှန်ကန်စွာ ကျွေးမွေးရန်နှင့်  ထောင်အတွင်းပို့မည့် ရိက္ခာများကို ဘုတ်အဖွဲ့ဖြင့် စနစ်တကျစစ်ဆေးရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များနှင့်အညီ လိုက်နာမှုရှိစေရေး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရေးအတွက် အကျဉ်းသားများကို ဦးစီးကြပ်မတ်ရသည့် ဝန်ထမ်းများက တိကျစွာ လိုက်နာကျင့်သုံးရေးတို့နှင့်စပ်လျဉ်း၍ မှာကြားသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးမြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲဗလ အစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်ထဲရေးဝန်ကြီးဌာနသည် လုံခြုံရေးဦးစားပေး ဆောင်ရွက် ရသည့်ဌာနဖြစ်ကြောင်း၊ လုံခြုံရေးအမြင်ရှိရန်နှင့် သတိဝီရိယဖြင့် နေထိုင်သွားလာ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်မှလည်း လုံခြုံရေးကျိုးပေါက်မှု မရှိစေရေး အမြဲမပြတ် စစ်ဆေးကြပ်မတ်နေရန် လိုအပ်ကြောင်း၊ ဌာနတိုင်းစိုက်ပျိုး၊ မွေးမြူရေးတစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြ ရန်နှင့် လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားနေသဖြင့် ကူးစက်မှုမခံရစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်သွားလာရေးတို့ကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ ရဲတပ်ဖွဲ့ ဓမ္မာရုံတွင် ရဲတပ်ဖွဲ့ဝင်မိသားစုများက ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ လက်သန့်ဆေးရည် နှင့် Hand Gel ဖော်စပ်ထုတ်လုပ်ရောင်းချနေမှုတို့ကို ကြည့်ရှုကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ သာမက ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အခြားတပ်ဖွဲ့၊ ဦးစီးဌာနများနှင့် အများပြည်သူများကိုပါ  ဈေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန်နှင့် ယခုထက်ပိုမိုဈေးနှုန်း ချိုသာစွာ ထုတ်လုပ်ရောင်းချ ပေးနိုင်ရေး ဆောင်ရွက်ရန် အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်