Skip to main content

စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်း (၇၁ နှစ်) ကို သတ်ဖြတ်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိ

 

နေပြည်တော် ဩဂုတ် ၂၁

 

 စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းသည် ဩဂုတ် ၃ ရက်က တစ်ရွာ  တည်းနေ ဦးအောင်ညွန့်နှင့်အတူ ဆိုင်ကယ်ဖြင့် စစ်ကိုင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ လစာထုတ်ပြီး ဆင်တပ် ကျေးရွာ သို့ပြန်လာစဉ် စစ်ကိုင်းမြို့နယ် ကံတလူဘုရားအနီးအရောက်၌ အကြမ်းဖက်သူနှစ်ဦးမှ  ဆိုင်ကယ်ဖြင့်လိုက်ပါလာ၍ ဦးအောင်သောင်းအား ဓားဖြင့်ထိုးခဲ့သဖြင့် ဦးအောင်သောင်းသည် ဓားဒဏ်ရာ များဖြင့် နေရာတွင်သေဆုံးခဲ့ပြီး ဦးအောင်ညွန့်မှာ ထွက်ပြေးလွတ်မြောက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

 

ဖမ်းဆီးရမိ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ်၂၀ရက်တွင် စစ်ကိုင်းမြို့နယ် အုန်းတောမြောက်ကျေးရွာအဝင်၌ လူသတ်မှုတွင်ပါဝင်သူ တရားခံ သန်းနိုင်စိုး၊ “မြတ်နိုးဦး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဆင်တပ် ကျေးရွာနေသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆို ချက်အရ ပြစ်မှုကျူးလွန်ရာတွင် အုန်းတောမြောက် ကျေးရွာနေသူများဖြစ်သည့် အောင်ဇော်မင်း (ခ) မင်းမင်း၊ အေးမင်းသက်၊ အောင်လင်းခန့်တို့ သုံးဦးနှင့် ချောင်းဦးကျေးရွာနေသူ ဘုန်းမြတ်နိုင်တို့ ပါဝင် ကြောင်း သိရှိရသဖြင့်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောင်လင်းခန့်ကို အုန်းတောမြောက်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

 

ယင်းနောက် ဆက်စပ်တရားခံများဖြစ်သော အောင်ဇော်မင်း(ခ)မင်းမင်းနှင့် အေးမင်းသက်တို့၏ နေအိမ်များသို့ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံများမှာ ထွက်ပြေးတိမ်းရှောင်နေပြီး အောင်ဇော်မင်း(ခ) မင်းမင်း၏ နေအိမ်အိပ်ခန်း အတွင်းရှိ ဗီရိုပေါ်မှ လူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သော သွေးစွန်း နေသည့် ဓားမြှောင်တစ်ချောင်းကို သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့နောက် တရားခံ ဘုန်းမြတ်နိုင်ကို သွားရောက်ဖမ်းဆီးခဲ့ရာ ချောင်းဦး ကျေးရွာရှိ ၎င်း၏နေအိမ်၌ လက်လုပ်မိုင်းကိုးလုံးနှင့် အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဦးအောင်သောင်းကို သတ်ဖြတ်ရန် NLD ပါတီအမာခံ  များဖြစ်သည့် ယခင်ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး(ဟောင်း) ခင်မောင်ကြည်(ဖမ်းဆီးရန်ကျန်)နှင့် ၎င်းကျေးရွာနေ ခင်မောင်ဦး (ဖမ်းဆီးရန်ကျန်) တို့မှ  ငွေကျပ်ငါးသိန်းပေး၍ လုပ်ကြံခိုင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

အကြမ်းဖက်သင်တန်းတက်ရောက် ဖမ်းဆီးရမိတရားခံများအနက် ဘုန်းမြတ်နိုင်သည် အောင်ဇော်မင်း (ခ)မင်းမင်း (ဖမ်းဆီးရန်ကျန်)၊အောင်လင်းခန့်၊ အေးမင်းသက် (ဖမ်းဆီးရန်ကျန်) တို့နှင့်အတူ ဇွန်လခန့်တွင် စစ်ကိုင်းမြို့နယ် ပန်းချီ  ကျေးရွာအနီး တောတွင်း၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း၊ သင်တန်း  ဆင်းပြီးနောက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ဘုန်းမြတ်နိုင်သည် အောင်ဇော်မင်း(ခ)  မင်းမင်းထံမှ လက်လုပ်မိုင်း ကိုးလုံးရရှိခဲ့ပြီး ၎င်းလက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

 

သတင်းပေးတိုင်ကြားနိုင် အထက်ပါ စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းကို သတ်ဖြတ်ခဲ့ သည့် တရားခံသုံးဦးအား လက်လုပ်မိုင်း ကိုးလုံး၊ လူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားမြှောင်တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ဆက်စပ် တရားခံ အောင်ဇော်မင်း(ခ) မင်းမင်း၊ အေးမင်းသက် နှင့် သတ်ဖြတ်ရန်ခိုင်းစေခဲ့သည့် NLD ပါတီအမာခံ ခင်မောင်ကြည်၊ ခင်မောင်ဦးတို့ကို အမြန်ဆုံး ဖမ်းဆီး ရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

 

သတင်းစဉ်