Skip to main content

မုဒိတာပွားများမှ လူမှုဘဝအေးချမ်းသာယာ

ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသည်။ မြန်မာနိုင်ငံသည် မဖွံဖြိုးသေးသည့်နိုင်ငံဖြစ်၍ လူမှုစီးပွားဘဝ လိုအပ်ချက်များစွာရှိသည်။ လတ်တလောတွင် နိုင်ငံတစ်ဝန်း၌ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုနှင့်  နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်နေသောကြောင့် ပြည်သူ များတွင် အခက်အခဲများရှိနေသည်။ ထိုအချိန်တွင် နိုင်ငံရေးဂယက်ရိုက်ခတ်မှုများပါ ရှိနေသဖြင့် မြန်မာနိုင်ငံသည် အခြားနိုင်ငံများထက် လိုအပ်ချက်များ ပိုမိုနေသည်ဟု ဆိုရမည်ဖြစ်သည်။

 

ထို့ကြောင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် နိုင်ငံရေးနှင့်မရောထွေးဘဲ စေတနာသန့်သန့်ဖြင့် ကူညီထောက်ပံ့ပေးသော နိုင်ငံအချို့နှင့် အဖွဲ့အစည်းများကို တွေ့ရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဩဂုတ် ၁၉ ရက်က ကမ္ဘောဒီးယားနိုင်ငံ အစိုးရက မြန်မာနိုင်ငံ၏ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ပြီး ဂျပန် နိုင်ငံအစိုးရက ကိုဗစ် -၁၉ လူနာများအား အရေးပေါ်အသက်ကယ်တင်နိုင်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ ယာဉ်များပေး အပ်လှူဒါန်းခဲ့သည်။ ထို့အပြင် အိန္ဒိယနိုင်ငံ အစိုးရကလည်း ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ်ပစ္စည်းများကိုပေးပို့ လှူဒါန်းခဲ့သည်။ အလားတူနိုင်ငံအတွင်းမှ စေတနာရှင်များနှင့်အဖွဲ့အစည်းများက ဗြဟ္မစိုရ်တရားရှေ့ထား၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လှူဒါန်းမှုများကို နေ့စဉ်ပြုလုပ် လျက်ရှိသည်။

 

 ထိုသို့ မေတ္တာ၊ ကရုဏာစိတ်ထားဖြင့် လူသားအချင်းချင်းကူညီရိုင်းပင်းနေသော ကောင်းသောအမှုကိစ္စများကို ကျန်ပြည်သူအပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ မုဒိတာပွား များကြရမည်ဖြစ်သည်။ လူ့ဘောင်လောကတွင် ဗြဟ္မစိုရ်တရားလေးပါးနှင့် ကျင့်ကြံအားထုတ်ကြသော လူအပေါင်းတို့သည် သူတစ်ပါးကောင်းကျိုးချမ်းသာ ဖြစ်စေသလို မိမိတို့လည်း ကောင်းကျိုးချမ်းသာများဖြစ်ကြရပေသည်။ မေတ္တာသတ္တဝါအများ ကြီးပွားချမ်း သာသည် ကို လိုလားမြတ်နိုးခြင်း၊ ကရုဏာ ဆင်းရဲ သောသတ္တဝါများ ကိုမြင်၍ သနားခြင်း၊ ဆင်းရဲခြင်းမှ ကင်းလွတ်စေလိုခြင်း၊ မုဒိတာ ပြည့်စုံချမ်းသာသောသူတို့ကိုမြင်ရလျှင် ဝမ်းမြောက်ခြင်း၊ ဥပေက္ခာ - သတ္တဝါတို့ အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိ မျှမျှတတရှုမြင်ခြင်းဟူသည့် ဗြဟ္မစိုရ်တရားများကို ပွားများအား ထုတ်ကြ ရမည်ဖြစ်သည်။

 

 ဤဗြဟ္မစိုရ်တရားလေးပါးသည် လောကလူသားများအားလုံးတို့ ကျင့်သုံးအပ် သောလူ့အကျင့်တရားဖြစ်သည်။ ဘာသာ၊ လူမျိုးမခွဲခြားဘဲ ကျင့်သုံးနိုင်သောအကျင့် တရားဖြစ်ပြီး ယင်းတို့ကိုကောင်းသော စိတ်နှလုံးမွေးမြူ နေသူတို့က ကျင့်သုံးအားထုတ် ကြလေသည်။ ဗုဒ္ဓဘာသာတရားများကို မိရိုးဖလာစွဲမြဲလာခဲ့သော မြန်မာ လူမျိုးများ အနေဖြင့်မူ ဗြဟ္မစိုရ်တရားများကို ရှေးအစဉ်အလာမပျက် အားထုတ်ကျင့်သုံးခဲ့ကြပေသည်။ ထို့ကြောင့် လည်း ဗြဟ္မစိုရ်တရားထွန်းကားသောနိုင်ငံအဖြစ် အေးချမ်း ပျော်ရွှင်စွာဖြင့် နေထိုင်လာခဲ့ကြသည်။ ဆင်းရဲ နွမ်းပါးသော ပြည်သူများများပြား သော်လည်း တတ်နိုင်သမျှ လှူဒါန်းပေးကမ်းကူညီထောက်ပံ့ကြသည်။ မိမိတို့မလှူ နိုင်လျှင်လည်း လှူနိုင်သောသူများအပေါ်တွင် မုဒိတာပွားများကြသည်။ ထို့ကြောင့် ဗြဟ္မစိုရ်တရား ထွန်းကားသောနိုင်ငံ၊ အေးချမ်းသာယာသောနိုင်ငံဟု ဆိုခဲ့သည်။ ဘာသာတရား၊ လူမှုကျင့်ဝတ်များကို အခြေခံသော အဆိုပါဗြဟ္မစိုရ်တရားများ မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြ ရန်လိုအပ်သည်။

 

“မျက်မှောက်ကာလတွင် “မိရိုးဖလာယုံကြည်ကိုးကွယ်ဆည်းကပ်ခဲ့သော ဘာသာတရားအပေါ် အလေးမထားမှု၊ ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲများကို အကြောင်းပြု၍ အစဉ်အလာကျင့်သုံးခဲ့သော ဗြဟ္မစိုရ်တရားများ ပါးလျားလာကြသည်ဟု ဆိုရမည် ဖြစ်သည်။ မိမိတို့နှင့် ယုံကြည်ချက်မတူသူအပေါ်တွင် မေတ္တာမထားနိုင်မှု၊ မေတ္တာ မထားရုံမျှမက ရန်သူလိုဆက်ဆံမှု၊ အလိုဆန္ဒပြည့်စုံနေသူ၊ အောင်မြင်နေသူတို့ အပေါ်တွင် ကျေနပ်မှု၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုဟူသည့် မုဒိတာမထားနိုင်မှု၊ မုဒိတာမထားနိုင်ရုံမျှသာမက၎င်းတို့ပျက်စီးအောင် ပင်ကြိုးစားအားထုတ်မှု တို့ရှိနေကြသည်။ ဗြဟ္မစိုရ်တရားလေးပါးတွင် အမြတ်ဆုံးဖြစ်သည့် သတ္တဝါတို့အပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်း မရှိသည့် မျှမျှတတစိတ်ထားများ ထားနိုင်ရန် အလွန်ဝေးသွားပြီဖြစ်သည်။

 

လူသားအားလုံးအပေါ်တွင် မေတ္တာမထားနိုင်သဖြင့် အမျက်ထွက်ခြင်း၊ ဒေါသဖြစ်ခြင်း၊ အာဃာတထားခြင်းတို့ဖြစ် ပေါ်လာကာ လောကငြိမ်းချမ်းသာယာခြင်းတို့ ပျောက်ကင်းပြီး ဘေးအန္တရာယ်ကျရောက်ခြင်းတို့ ဖြစ်ပေါ်နေကြ ပေသည်။ လူသား အချင်းချင်းအပေါ်တွင် မုဒိတာမထားနိုင်သဖြင့် စိတ်နှလုံးပူပန် မပျော်ပိုက်ခြင်းတို့ ဖြစ်ပေါ် လာပြီး မေတ္တာတရားခေါင်းပါးခြင်းဟူသည့် ဒေါသတရားများ ဖိစီးနှိပ်စက်၍ မကောင်းမှုဒုစရိုက်သံသရာ အတွင်းသို့ သက်ဆင်းကာ ပျက်စီးခြင်းသို့ရောက်ကြ ရပေသည်။ ကရုဏာတရားထားခြင်းအားဖြင့် ဆင်းရဲခြင်းတို့ ပျောက်၍ ချမ်းသာခြင်း သို့ ရောက်ကြပေသည်။

 

သို့ဖြစ်ရာ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း မေတ္တာတရား ပွားများလျှင် သင့်အား အမျက်ထွက်ခြင်း ဗျာပါဒများကင်းပေလိမ့်မည်။ ကရုဏာတရား ပွားများလျှင် သင့်အား ညှဉ်းဆဲမှုများ ကင်းပျောက်ပေလိမ့်မည်။ မုဒိတာတရား ပွားများလျှင် သင့်အား မပျော်ပိုက်ခြင်းတို့မှ ကင်းပျောက်ပေလိမ့်မည်။ ထို့ကြောင့်ပါကြောင်း။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ ပွားများကြဖို့ အသိပေးနှိုးဆော်အပ်ပါကြောင်း။