မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုမြင့်မားနေချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို စိုးရိမ်ပူပန်ကြ၍ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရောဂါဖြစ်ပွားမှုများ တဖြည်းဖြည်းလျော့ကျလာသည်။
ထိုအချိန်တွင် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသော NUG အဖွဲ့ နှင့် ၎င်းတို့ကိုထောက်ခံသော အစွန်းရောက် NLD ပါတီဝင်များ၊ ၎င်းတို့နှင့်ဆက်နွှယ်သော PDF အဖျက်သမားများသည် အစိုးရယန္တရား ရပ်ဆိုင်းစေရေးအတွက် အရပ်ဘက်ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ရပ်ရွာအုပ်ချုပ်ရေးမှူးများ၊ အခြားပါတီဝင်များ၊ သတင်းပေးဟုစွပ်စွဲခံရသူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း စသည့် အဖျက်လုပ်ရပ်များကို နေ့စဉ်နှင့်အမျှ လုပ်ကိုင်နေကြသည်။ ယခုအခါ အကြမ်းဖက် သမားများသည် ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ထိခိုက်နစ်နာစေနိုင်သော ကိုဗစ်၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အပြစ်မဲ့သူများကို သေကျေပျက်စီးစေရန်အတွက် တိုက်ခိုက်မှုများ ပြုလုပ်လာသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပယောဂ သွေးထိုးမှုများကြောင့် အကြမ်းဖက်ဝါဒနှင့် လုပ်ရပ်များမှာ မကြာသေးမီကမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဗုဒ္ဓတရားတော် နှင့်အညီ အေးချမ်းစွာနေထိုင်ခဲ့ကြသော မြန်မာနိုင်ငံတွင် နိုင်ငံရေးအစွန်းရောက်များ လက်ချက်ကြောင့် အကြမ်းဖက်လုပ်ငန်းများ ပေါ်ပေါက်လာသည်။ အထက်တွင် ဖော်ပြသကဲ့သို့ အစိုးရယန္တရား မလည်ပတ်ရေးအတွက် နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်လာရာမှ အများကောင်းကျိုးပြုလုပ်သော လုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်မှုကိုပင် ရဲတင်းစွာလုပ်ကိုင်လာကြသည်။ အချိန်တိုကာလအတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ကိုင်လာခြင်းကြောင့်မြန်မာနိုင်ငံမှ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များသည် နှစ်ပေါင်းရှည်ကြာ လက်နက်စွဲကိုင် တိုက်ခိုက်လာသည့် တာလီဘန် အကြမ်းဖက်သမားများထက်ပင် ကမ်းကုန်သည့် ရက်စက်မှုများကို ပြည်သူများကိုယ်တိုင် မြင်တွေ့နေကြရသည်။
ကာကွယ်ဆေးထိုးပေးသည့်နေရာများနှင့် ကာကွယ်ဆေးထိုးသည့် အပြစ်မဲ့ ပြည်သူများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ကိုဗစ်ရောဂါ စစ်ဆေးရေးဂိတ်များကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ တင်ဆောင်လာသည့်ယာဉ်များကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဆေးရုံရှိ အောက်ဆီဂျင်ပိုက်လိုင်းများကို ဖျက်ဆီးခြင်း၊ ကာကွယ်ဆေးထိုးပြီးပြန်လာသူများကို လမ်းမှဆီးကြိုသတ်ဖြတ်ခြင်း၊ ရောဂါ ကာကွယ်ရေးပရဟိတအဖွဲ့ဝင်များအား လုပ်ကြံ သတ်ဖြတ်ခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းဆောင်ရွက်နေသူများအား လုပ်ကြံသတ်ဖြတ်ခြင်း၊ ပရဟိတအယောင်ဆောင်၍ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်ခြင်းစသည့် ယုတ်မာပက်စက်သော အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြသည်။
အထက်ဖော်ပြပါ အဆင်ခြင်မဲ့လုပ်ရပ်များသည် ကိုဗစ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများကို ဖျက်ဆီးသည့် ဇီဝအကြမ်းဖက်မှု တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ကျူးလွန်ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံတကာအဖွဲ့အစည်း၊ အသိုက်အဝန်း ကမှ လက်မခံသောအကြမ်းဖက်လုပ်ရပ်များဖြစ်သည်။ အဆိုပါလုပ်ရပ်များကို လုပ်ကိုင်နေကြသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများကို စုံစမ်းရှာဖွေ ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိသည်။ အကြမ်းဖက်သမားတို့၏ လူမဆန်သော လုပ်ရပ်များကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ သံတမန်နည်းလမ်းများနှင့်အညီ နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံများနှင့် အဖွဲ့အစည်းများအားလုံးသို့ အကြောင်းကြား အသိပေးထားသည်။
သို့ဖြစ်ရာ သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ မိဘပြည်သူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန်နှင့် မည်သည့်လူ့အဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမှ လုံးဝလက်မခံသည့် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်သမားများအား မြန်မာနိုင်ငံတွင် ခေါင်းမထောင်လာစေဘဲ အပြီးတိုင်ပျောက်ကွယ်သွားနိုင်ရေး ဝိုင်းဝန်းပူးပေါင်း လက်တွဲတိုက်ဖျက်သွားကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း။ ။