နေပြည်တော် ဩဂုတ် ၂၀
လေးနှစ်ကျော်ရပ်နားထားသည့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) စီမံကိန်း၏ ပထမအဆင့် သည် Steel Rolling Mill နှင့် Steel Plate Mill တို့အတွက် လိုအပ်သော အဓိကကုန်ကြမ်း များဖြစ်သည့် သံမဏိလေးထောင့်တုံးများနှင့် သံမဏိပြားများ ထုတ်လုပ်ရန်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေ၍ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က ပြောကြားသည်။
ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) ၏ စီမံကိန်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများကို မလွဲမသွေ ကြုံတွေ့ရမည်ဖြစ်၍ ကြိုတင်မျှော်တွေးပြီး စိန်ခေါ်မှုများကို ကျော်လွှားဆောင်ရွက်နိုင်ရေး စီမံထားရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေခွင့်ပြုမှု အပေါ်မူတည်၍ ဦးစားပေးကဏ္ဍအလိုက် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် စက်ရုံ ခွဲများအလိုက် ဆောင်ရွက်သွားမည့် အစီအမံနှင့် အသေးစိတ်အစီအစဉ်များ ရေးဆွဲထား ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သံနှင့်သံမဏိသည် မရှိမဖြစ် အရေးကြီး ဆုံးသောကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် သံမဏိစက်ရုံ တည်ဆောက်ရေး လုပ်ငန်းများကို အောင်မြင်အောင် အားသွန်ခွန်စိုက် အလေးထားကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အမှတ် (၁)အကြီးစား စက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး တို့က အမှတ် (၁)သံမဏိစက်ရုံ (မြင်းခြံ)တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိနေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ကိုလည်းကောင်း၊ တက်ရောက်လာသူများမှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
(သတင်းစဉ်)