Skip to main content

ဂန့်ဂေါ-ကလေး ကားလမ်းတွင် တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ သတင်းမှာ သတင်းမှားသာဖြစ်

နေပြည်တော် သြဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဩဂုတ်လ ၁၈ ရက် ဂန့်ဂေါ - ကလေး ကားလမ်းအတိုင်းမောင်းနှင်လာသော တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် တပ်မတော်သား ၃၀ ဦးခန့်ကျဆုံးပြီး ဒဏ်ရာအများအပြားရ သတင်းမှာ လုပ်ကြံဝါဒဖြန့်ထားသည့် သတင်းမှားသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် နံနက် ၁၁ နာရီခန့်တွင် ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် မိုင်းစထိမှန်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စိစစ်ခဲ့ရာ ယင်းမာပင်မြို့နေ လမ်းပြုပြင်လုပ်သားများ လိုက်ပါလာသည့် ရွှေညီကို ကုန်တင်ယာဉ်လိုင်းမှ HINO ယာဉ်အမျိုးအစား ၆ ဘီးယာဉ်သည် ကလေး - ဂန့်ဂေါ ကားလမ်းအတိုင်း ကလေးမြို့သို့ မောင်းနှင်လာစဉ် ရဲလှကျေးရွာလမ်းဆုံ အနီးသို့အရောက် ကားလမ်း၏ ဝဲ/ယာမှ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူ ၅၀ ဦးခန့်မှ လက်လုပ်ကားမိုင်း ၂ လုံး ဖောက်ခွဲ၍ လက်နက်ငယ်တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လမ်းလုပ်သား ၅ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိကာ မော်တော်ယာဉ် အနည်းငယ်ပျက်စီးခဲ့သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဆိုပါ ဒဏ်ရာရရှိသူများအား ဟံသာဝတီကျေးရွာ တိုက်နယ် ဆေးရုံမှ တပ်မတော်ဆေးရုံသို့လွှဲပြောင်း၍ ဆေးကုသမှုဆောင်ရွက်ပေးလျက် ရှိသည်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိပြီး အဆိုပါ ဖြစ်စဉ်များကိုလည်း အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံသော မီဒီယာအချို့ က အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်မှုကိုဖုံးကွယ်ပေးကာ တပ်မတော်သားများ၊ တပ်မတော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်သယောင် မဟုတ်မမှန် သတင်းဖော်ပြလျက်ရှိသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံရေးသားနေသော မီဒီယာများနှင့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်နေသော လက်နက်ကိုင် အကြမ်းဖက်သမားများအား ပြည်သူများအားလုံးက ဝိုင်းဝန်းဆန့်ကျင် ဖော်ထုတ်ပေးကြပါစေကြောင်း ပြောကြားထားသည်။