Skip to main content

မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် အား PDF အကြမ်းဖက်လက်နက်ကိုင်များက အကြောင်းမဲ့သတ်ဖြတ်

နေပြည်တော်  ဩဂုတ် ၂၀

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သော CRPH နှင့် NUG အဖွဲ့တို့သည် ပညာရေး အဆောက်အဦများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်း၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆောင်ရွက်နေမှုများကို အကြမ်းဖက်တိုက်ခိုက်ခြင်း သာမက ၎င်းတို့အဖွဲ့ အစည်းအပေါ် ထောက်ခံခြင်းမရှိသည့် လက်နက်မဲ့၊ အပြစ်ကင်းသည့် ပြည်သူလူထုကိုပါ သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ အဆိုပါ အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသူများသည် ရတနာသုံးပါးတွင် အပါအဝင်ဖြစ်သည့် ရဟန်းတော်များကိုပင် ကိုးကွယ်ဆည်းကပ်ရာအဖြစ် မသတ်မှတ်တော့ဘဲ အကြမ်းဖက်သတ်ဖြတ်မှုကိုပါ လုပ်ဆောင်လာကြကြောင်း တွေ့ရှိရသည်။

ထိုသို့ ကိုးကွယ်ရာ ရဟန်းတော်ကိုပင် သတ်ဖြတ်အကြမ်းဖက်မှုပြုလုပ်ခဲ့ရာတွင် ဩဂုတ်လ ၁၈ ရက်နေ့ ည ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ သံပေါက်ကျေးရွာအုပ်စု၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမ ဘုန်းတော်ကြီးကျောင်းသို့ ဦးဂေါ်ရ(ခ) ဦးအောင် ဦးဆောင်သည့် PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ဦးခန့် ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဒူးကောဝံသ (၇၄)နှစ်၊ ဝါတော် (၅၄)ဝါအား ၎င်းတို့၏ လုပ်ဆောင်ချက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ သတင်းများပေးပို့နေသည်။ ဒလန်ဖြစ်သည်ဟု စွပ်စွဲကာ တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဦးကောဝံသတွင် သေနတ်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ရကြောင်း သိရသည်။

အထက်ပါ အကြမ်းဖက်သတ်ဖြတ်ခံရသည့် ဆရာတော်သည် ဘာသာ၊ သာသနာ တိုးတက်စေရေးနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များတွင် တက်ကြွစွာဆောင်ရွက်ခဲ့သည့် အပြင် လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း မခွဲခြားဘဲ ကူညီစောင့်ရှောက်ပေးလျက်ရှိသည့် သံဃာတော် တစ်ပါးဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ အတွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရန် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၎င်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျောင်း၏ဝေယျာဝစ္စလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ် ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခွင့်ပေးခဲ့သည့်အတွက် ဆရာတော်အား ယခုကဲ့သို့ သတင်းပေး ဒလန်အဖြစ် စွပ်စွဲ၍ သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရဟန်းသံဃာကိုပင် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခဲ့သူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိပြီး တရားဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံဖော်ထုတ်လျက်ရှိသည်။ မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက် သမားများ၊ ၎င်းတို့နှင့်ဆက်စပ်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။