Skip to main content

ရွေ့လျားဈေးကားစနစ်ဖြင့် ဈေးရောင်းချနေမှုနှင့် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်တင်းရေး ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီက အင်းစိန်မြို့နယ် ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ ရန်ကုန် မြို့တော် စည်ပင် သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ကြီးကြပ်မှုဖြင့် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာန လိုင်စင်စီများမှ အသားမျိုးစုံနှင့် ဈေးများနှင့် ကုန်စည်ပွဲရုံ များဌာနမှ ငါး/ပုစွန်အမျိုးမျိုးတို့ကို ရွေ့လျားဈေးကားစနစ်ဖြင့် ရောင်းချနေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ ။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ(MCC) ကိုဗစ်ကုသရေး စင်တာတွင် မြန်မာသီဟကုမ္ပဏီကလှူဒါန်း ထားသည့် ၂၀တန်  Liquid Oxygen Tank ကို အင်ဂျင်နီယာဌာန(အဆောက်အအုံ) မှ တပ်ဆင်နေမှု ကိုကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ။

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ် ရေနံ့သာ လမ်းရှိ ရန်ကုန် မြို့တော် စည်ပင်သာယာ ရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာန ရေနံ့သာ မော်တော်ယာဉ်ဝင်းသို့ သွားရောက်ပြီး တစ်ရက်လျှင်လီတာ ၄၀ဆံ့အောက်ဆီဂျင် အိုးအလုံး ၈၀ ဖြည့်ပေးနိုင်သည့်အောက်ဆီဂျင်စက် တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်