နေပြည်တော် ဩဂုတ် ၁၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေ အတွင်းရှိ မြန်မာ့စာတိုက် လုပ်ငန်း(ရုံးချုပ်)၊ နေပြည်တော်ဗဟို စာတိုက်ကြီး၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းဒေတာစင်တာနှင့် မိုဘိုင်း ဆက်သွယ်ရေးအိတ်ချိန်း၊ မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးနှင့် စက်ခေါင်းသစ် တပ်ဆင်ထုတ် လုပ်ရေးစက်ရုံ (နေပြည်တော်) တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဗဟိုစာတိုက်ကြီးသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများဖြင့် တွေ့ဆုံစဉ် မြန်မာ့စာတိုက် လုပ်ငန်း၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာတို့က လုပ်ငန်းဆောင်ရွက်နေမှု ကို ရှင်းလင်း တင်ပြရာပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့စာတိုက် လုပ်ငန်း ပြခန်း၊ နေပြည်တော် ဗဟို စာတိုက်ကြီး ကောင်တာ၊ စာ/ပါဆယ်များ လုံခြုံရေးစစ်ဆေးနေသော X-Ray စက်ခန်းနှင့် စာတိုက် သေတ္တာထားရှိသည့် နေရာများကိုလှည့်လည် ကြည့်ရှု့စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ ရောက်ရှိရာ ရုံးချုပ်အစည်း အဝေးခန်းမတွင် e-Government ဌာန ညွှန်ကြားရေးမှူးက e-Government Data Center လုပ်ငန်း များဆောင်ရွက်မှု၊ ဝန်ဆောင်မှုပေးနေသည့်အခြေအနေနှင့် ဆောင်ရွက်ဆဲစီမံကိန်းများဖြစ်သော e-Government integrated Data Center တည်ဆောက် ရေးလုပ်ငန်းဆောင်ရွက်မှုများ တင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန ညွှန်ကြားရေးမှူးက အမျိုးသား ဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၏ လုပ်ငန်းများကို သုံးသပ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သတင်းအချက်အလက် နည်းပညာခေတ်တွင် ဆိုက်ဘာလုံခြုံ ရေးသည် အရေးကြီး သောလုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် အထူးဂရုစိုက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကို စနစ်တကျပြုစုပျိုးထောင်ရန်နှင့် နိုင်ငံတကာ စံနှုန်း၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်တို့နှင့် ကိုက်ညီမည့် ဥပဒေ၊ စည်းမျဉ်းများ၊ မူဝါဒများ စနစ်တကျ ချမှတ်ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သတင်းအချက်အလက်နည်း ပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန အဆောက်အဦတည်ဆောက်နေမှုကို သွားရောက် ကြည့်ရှု့ စစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာ့ဆက် သွယ်ရေး လုပ်ငန်း၏ ဒေတာစင်တာနှင့် မိုဘိုင်းဆက်သွယ်ရေးအိတ်ချိန်းများကို သွားရောက် ကြည့်ရှု့စစ်ဆေးပြီး ဒေသအလိုက် Mobile Team များဖွဲ့စည်း၍ အချိန်နှင့်တပြေးညီ ပြုပြင်နိုင်ရေး စီမံဆောင်ရွက်ထားရှိရန်နှင့် လုံခြုံရေးကိစ္စကို အထူးအလေးထား ဆောင်ရွက်ကြရန် မှာကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဘူတာကြီးသို့ ရောက်ရှိ ပြီး အစည်းအဝေးခန်းမ၌ အထွေထွေ မန်နေဂျာ(မြို့ပြ)ကနေပြည်တော် ဘူတာတွင်သရုပ်ပြ စက်ခေါင်းများထားရှိမည့် အဆိုပြုပုံစံ များ၊ မီးရထားပြတိုက် တည်ဆောက်မည့် အဆိုပြု နေရာများ၊ နေပြည်တော်ဘူတာနှင့် မလွှကုန်းဘူတာတို့တွင် မီးရထားပြတိုက် တည်ဆောက် ရန် ဒီဇိုင်းရေးဆွဲဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထားပြတိုက် တည်ဆောက် မည့်အဆိုပြုမြေနေရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)