Skip to main content

ကမ္ဘောဒီးယားနိုင်ငံအစိုးရက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြုပစ္စည်းများလှူဒါန်း

 

နေပြည်တော် ဩဂုတ် ၁၉

မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရနှင့် ပြည်သူများက အထောက်အကူပြု ဆေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည် ပြည်ဆိုင်ရာလေဆိပ် ၌ကျင်းပသည်။

အခမ်းအနား၌ ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီး Professor Mam Bunheng က မိမိအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်မစ္စတာ Samdech Akka Moha Sena Padei Techo Hun Sen ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ နှုတ်ခွန်းဆက်အမှာစကားကို တဆင့်ပြောကြားလိုပါ ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် အနေဖြင့်မြန်မာနိုင်ငံရှိ ပြည်သူအားလုံးကိုလည်း ကိုဗစ်-၁၉ ကပ်ရောဂါမှ အောင်မြင်စွာကျော်လွှားနိုင်ပြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် နှစ်ကာလ ကြာရှည်စွာ ညီအစ်ကိုမောင်နှမ ဆက်ဆံရေးတည်ရှိပြီး အာဆီယံအသိုင်းအဝိုင်း မှတဆင့် ဒေသတွင်းငြိမ်း ချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးများတွင်ကောင်းမွန် သော ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း။

ယနေ့အချိန်တွင် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့နေရာတွင် ကမ္ဘောဒီးယားနိုင်ငံနှင့် ပြည်သူများမှ ညီအစ်ကို မောင်နှမကဲ့သို့ စည်းလုံးညီညွတ်သော စိတ်ထားဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အပံ့အနေဖြင့် ယခုကဲ့သို့ ဆေးပစ္စည်းများအား ပေးပို့လှူ ဒါန်းခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဒီးယား- မြန်မာ နှစ်နိုင်ငံ ရင်းနှီးမှုနှင့် ချစ်ကြည်စွာ ပူးပေါင်းမှုမှတဆင့် နှစ်နိုင်ငံစည်းလုံးညီညွတ်မှု၊ လူမှု စီးပွားတိုးတက်မှုများ သာမက ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက် မှုများပါဆောင်ကြဉ်းနိုင်မည်ဟုယုံကြည်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယနေ့ အခမ်းအနားသို့ တက်ရောက်လာသော ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တကွ တာဝန်ရှိသူများနှင့် မြန်မာပြည်သူ အားလုံးအား ကျန်းမာပျော် ရွှင်၍ အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းပါကြောင်း ပြောကြား သည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးက ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင် ဝင်းထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အထောက်အကူပြု ဆေးပစ္စည်း များလွှဲပြောင်းပေးအပ်သည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင် ယခုလှူဒါန်းမှုများသည် မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်နိုင်ရေး ကျန်းမာရေး စောင့်ရှောက်မှုများ ပေးရာတွင်များစွာ အထောက်အကူ ဖြစ်စေပါကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ကောင်းမွန်သည့် ချစ်ကြည်ရေး ပြယုဒ်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း မိမိတို့သည် ကိုဗစ်-၁၉  ကပ်ရောဂါ၏ မမျှော်လင့်သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါကြောင်း၊ လတ်တလော ကာလတွင်လည်း ၎င်းရောဂါပိုး၏ မျိုးရိုးဗီဇပြောင်း Delta အမျိုးအစား ဗိုင်းရပ်စ် ပိုးကြောင့် ရင်ဆိုင်ရသည့် အခက်အခဲများမှာ ပိုမိုပြင်းထန်လာပါကြောင်း၊ ကမ္ဘောဒီယားနိုင်ငံ၊ ကျန်းမာရေးဝန်ကြီး၏   မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေးဆိုင်ရာ ထောက်ပံ့မှုများပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်ချက်များသည် မိမိတို့ နိုင်ငံအား များစွာ အထောက်အကူဖြစ်သည့် အတွက်ကျေးဇူးတင်ရှိပါကြောင်း။

ယနေ့ အခမ်းအနားတွင် ပါးစပ်နှင့် နှာခေါင်းစည်း (၃) သန်း၊ COVID-19 AG sets ၅၀၀,၀၀၀၊ တစ်ကိုယ်ရေ ရောဂါကာကွယ်ရေး ဝတ်စုံ PPE အစုံ (၂၀၀၀)၊ Oxygen Concentrators (၁၀၀) ခု၊ Ventilator Machines(၂၀)ခု၊  Patient Monitors and accessories အစုံ (၂၀) လက်ခံရရှိပါကြောင်း၊ အဆိုပါ ပစ္စည်းများသည် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာနမှ တဆင့် လှူဒါန်းသည့် အမေရိကန် ဒေါ်လာ (၁၀၀,၀၀၀) နှင့် ကမ္ဘောဒီယားနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံအစိုးရသို့ လှူဒါန်းသည့် အမေရိကန် ဒေါ်လာ (၂၀၀,၀၀၀)တို့အား ထပ်မံပံ့ပိုး လှူဒါန်းခြင်း ဖြစ်ကြောင်း။

ထိုသို့ ရင်းနှီးချစ်ကြည်စွာ လှူဒါန်းမှုများကြောင့် မြန်မာနိုင်ငံတွင် ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းမှ တိုက်ပွဲဝင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား ထိရောက်စွာ ပံ့ပိုးပေးနိုင်မည့် အပြင် နိုင်ငံတစ်ဝှမ်းရှိ အသက်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်မည် ဖြစ်ပါကြောင်း၊ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ်နှင့် ကျန်းမာရေးဝန်ကြီးတို့၏ ဉီးဆောင်မှုဖြင့်  ကမ္ဘောဒီယား နိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ရေးတွင် ထိရောက်သော လုပ်ဆောင်နိုင်မှုများ တွေ့မြင်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း။

ယခုလှူဒါန်းသည့် ဆေးပစ္စည်းများ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ရေး မြန်မာဆိုင်ရာ ကမ္ဘောဒီယားနိုင်ငံသံရုံးမှ ညှိနိုင်းလုပ်ဆောင်ပေးမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့လှူဒါန်းပေးအပ်ပွဲ ဖြစ်မြောက်ရေးအတွက် အားကြိုး မာန်တက် ဆောင်ရွက်ပေးကြ ပါသော နှစ်နိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် ကမ္ဘောဒီယား နိုင်ငံမှ မြန်မာနိုင်ငံအထိ လာရောက် လှူဒါန်းပေးသော တာဝန်ရှိသူများအားလုံး ကျေးဇူးတင်ရှိပါကြောင်း။

ကျန်းမာသော အနာဂါတ် ရရှိပိုင်ဆိုင်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများမှ ကိုဗစ်-၁၉ ကပ်ရောဂါအား တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါအား ထိန်းချုပ် ကာကွယ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိအနေဖြင့် ကမ္ဘောဒီယားနိုင်ငံ ပြည်သူများအားလုံး COVID-19 ကပ်ရောဂါမှ ကင်းဝေးပြီး ကျန်းမာချမ်းသာကြပါ စေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါကြောင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရကလှူဒါန်းသည့် အထောက်အကူ ပြုပစ္စည်း များကို အထူးလေယာဉ် (၃) စီးဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာ နနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

(သတင်းစဉ်)