Skip to main content

ရှမ်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

တောင်ကြီး သြဂုတ် ၁၉

ရှမ်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ််အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုတွင် တောင်ကြီးမြို့တွင် PCR စက်ဖြင့် စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသူ(၂)ရက်ပေါင်း (၁၂၀)ဦး တွေ့ရှိရ ပါကြောင်း၊ ပင်လောင်း၊ ရပ်စောက်မြို့များတွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ လျော့ကျခြင်း မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ညောင်ရွှေမြို့တွင် ရောဂါပိုးတွေ့ရှိမှုလျော့ကျမှုရှိလာပါကြောင်း၊ Stay at home ကို ပြီပြင်စွာ အကောင်အထည် ဖော်နိုင်ရန်လိုအပ်ပါကြောင်း၊ တောင်ကြီးမြို့တွင် ရောဂါပိုးတွေ့ရှိမှု လျော့ကျနိုင်ရန် စည်းကမ်းလိုက်နာမှုများ လိုအပ်နေ ပါကြောင်း၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များက ကြီးကြပ်ပေးရန်ပြောကြားလိုကြောင်း၊ အောက်စီဂျင်နှင့်ပတ်သက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း လူမှုကူညီရေးအသင်းတွင် အောက်စီဂျင်စက်များ တပ်ဆင်နေပြီ ဖြစ်ကြောင်း၊ (၁)ရက်ကို အလုံး(၁၂၀)ထွက်ပါကြောင်း ၊ စက်ရုံတည်ဆောက်မှုပြီးပါက (၄၀)လီတာအိုး အနည်းဆုံး (၈၀၀)ခန့်ထွက်ရှိနိုင် ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မှာယူထားသည့် အောက်စီဂျင်စက်များ ရောက်ရှိလာပါက မိုးမိတ်မြို့ တွင်(၁)လုံး၊ တောင်ကြီးမြို့တွင်(၁)လုံး၊ မိုင်းဆတ်မြို့တွင်(၁)လုံး၊ စုစုပေါင်း(၃)လုံးကို စက်ရုံတည်ဆောက်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ Oxygen Cylinder ၄၀ လီတာအိုး (၆၀၀)ကိုလည်းမှာထားပြီးခရိုင်များနှင့် PNOအဖွဲ့များအား(၁၀)လုံးစီခွဲ ဝေပေးမည်ဖြစ်ပါကြောင်း၊ အောက်စီဂျင်နှင့်ပတ်သက်၍ မိမိတို့အနေဖြင့် လုံလောက်စွာဆောင်ရွက်ထားပါကြောင်း၊ အစည်းအဝေး အပတ်စဉ်ခေါ်ယူရခြင်းမှာ လုပ်ငန်းလိုအပ်ချက် များရှိပါက အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြရန်ပြောကြား ခဲ့သည်။ ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်နီလင်းအောင်က ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိမှု၊ ရောဂါပိုး ကူးစက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် Corona virus Disease 2019(ကိုဗစ်-၁၉)ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်းရေးမှူး ရှမ်းပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှ ဆွေးနွေးရှင်းလင်း၍ အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ ဆွေးနွေးကြကာ အထွေထွေဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရှိရသည်။ မောင်မောင်သန်း(တောင်ကြီး)