Skip to main content

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက Zoom Meeting ဖြင့် ကျင်းပသည်။

ပြန်လည်ထူထောင်ရေးများ ဆောင်ရွက်

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ကလူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်၍ ဆောင်ရွက် နေပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်ကို ဗဟိုအဖွဲ့က ဦးဆောင်ရေးဆွဲခဲ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ၎င်းတို့အားနေရာထိုင်ခင်း ဆောင်ရွက်ပေးခြင်း၊ Psycho Social Support ပြုလုပ်ပေးခြင်း၊ လတ်တလော လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခြင်း၊ မိဘရပ်ထံ ပြန်လည် ပို့ဆောင်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေပါကြောင်း၊ ဝန်ကြီးဌာန အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန အနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ထိခိုက်လွယ်အုပ်စုများ အပါအဝင် မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင် ရေးများကို ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ခွဲခြားစိစစ်ရန်လိုအပ် ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က လူကုန်ကူးခံရခြင်းသည် စီးပွားရေးအပေါ် မူတည်ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသည့် သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီး၍ လူကုန်ကူးခံရမှု ဖြစ်ပေါ်နိုင် ပါကြောင်း၊ လူကုန်ကူးခံရ၍ ပြန်လည်ရောက်ရှိသူများတွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ ပြန်လာ သူများရှိရာလူကုန်ကူးခံရသူများ၊ ရွှေ့ပြောင်းသွားလာသူများ စသည်တို့ ခွဲခြားစိစစ်ရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ပါ လျာထား လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်