Skip to main content

၂၀၂၃ ခုနှစ်တွင် အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့် မပြုတော့ဘဲ တစ်ဝက်တစ်ပျက် ကုန်ချောနှင့် ကုန်ချောများကိုသာ ပြည်ပတင်ပို့ခွင့် ပြုတော့မည်

နေပြည်တော် ဩဂုတ် ၁၈

အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့် မပြုတော့ဘဲ တစ်ဝက်တစ်ပျက် ကုန်ချော (Semi-finished) နှင့် ကုန်ချော (Finished) များကိုသာ ပြည်ပတင်ပို့ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက ပြောကြားသည်။

ယနေ့နံနက်ပိုင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်အခြေခံစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး က ယင်းသို့ဆောင်ရွက်ရာတွင် တင်ပို့ခွင့်ပြုမည့် သစ်အခြေခံ ထုတ်ကုန်များ၏ အမျိုးအမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ် ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် သစ်ကုန်ချောများကိုသာ တင်ပို့ရေး ဦးတည်ရာတွင် သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသောအချက် ဖြစ်ပါကြောင်း၊ သစ်အခြေခံစက်မှု လုပ်ငန်းများသည် သစ်တောသယံဇာတကို အခြေခံသည့် စီးပွားရေး လုပ်ငန်းဖြစ်သဖြင့် နိုင်ငံပိုင် အဖိုးတန် သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် အရေးပါသော လုပ်ငန်းဖြစ်ပြီး ယေဘုယျ အားဖြင့် နိုင်ငံတော်၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက် ရေးအတွက်လည်း အလွန်အရေး ကြီးပါကြောင်း၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကြောင့် လုပ်ငန်း များ ဆောင်ရွက်ရာတွင် အကန့် အသတ်များ ရှိမည်ဖြစ်သော် လည်း ဆပ်ကော်မတီများအလိုက် စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး ပြီး ရည်မှန်းချက် ပေါက်မြောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေး မှာကြားသည်။

ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက ဆပ်ကော်မတီများအလိုက် လုပ်ငန်း ဆောင်ရွက်မှု၊ လတ်တလော ကြုံတွေ့နေရသော အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေး စေလိုသည့် အချက်များ၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်းပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်