Skip to main content

မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် ချင်းပြည်နယ်၏ နွားနောက်မွေးမြူမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၁၈

မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်နိုင်ရေးနှင့် ချင်းပြည်နယ်၏ နွားနောက်မွေးမြူမှု လုပ်ငန်း ပိုမို ဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများ၌ သုတေသနဌာနစုများ၊ ဒေသဆိုင်ရာ သုတေသနစခန်းများ ရှိနေကြသော်လည်း သားငါး ကဏ္ဍကြီး တစ်ခုလုံးအတွက် အားကောင်းသော သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ သုတေသန လုပ်ငန်းအတွက် သီးခြားဘဏ္ဍာရန်ပုံငွေ သတ်မှတ်ပြီး ထိရောက်သော နည်းပညာရပ် ဆိုင်ရာ သုတေသနနှင့် လက်တွေ့အသုံးချ သုတေသနများ ဖော်ထုတ် ဆောင်ရွက်နိုင်ရန်၊ သုတေသန ဦးစီးဌာနနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့ အပြန်အလှန် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်နိုင် ခြင်းဖြင့် အရည်အသွေး ပိုမိုမြင့်မားသည့် မွေးမြူရေးဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်တို့ကို ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာနကို ဦးစီးဌာနသစ်တစ်ခုအဖြစ် ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူချင်းပြည်နယ်၏ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တွင် အရေးပါပြီး ဒေသရေမြေ ရာသီဥတုအရ စီးပွားဖြစ်မွေးမြူ ထုတ်လုပ်နိုင်သည့် နွားနောက် မွေးမြူမှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာ ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပ ရခြင်းဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်ချက်များ လစ်ဟာမှုမရှိစေရေး ဆွေးနွေးဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် မွေးမြူရေးဆိုင်ရာ သုတေသနဦးစီးဌာနအသစ် ဖွဲ့စည်းဆောင်ရွက်ရေးအတွက် ဦးစီးဌာနဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲထားရှိမှုနှင့် နှစ်အလိုက် ဘဏ္ဍာရန်ပုံငွေ သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ် များကိုလည်းကောင်း၊ အဆင့်မြင့် နည်းပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် လက်တွေ့ အသုံးချ သုတေသနလုပ်ငန်းများအတွက် ဘာသာရပ်အလိုက် ဦးစားပေးအဆင့် သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ ဆောင်ရွက်သွားမည် ဖြစ်၍ လက်ရှိဆောင်ရွက်ဆဲသုတေသန ဌာနစုများ၊ သုတေသနစခန်းများ အဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စ ရပ်များကိုလည်းကောင်း၊ ချင်းပြည်နယ်၏ နောက်မွေးမြူမှု လုပ်ငန်း ပိုမိုဖွံ့ဖြိုးလာရေးအတွက် လိုအပ်ချက်များနှင့် စီးပွားဖြစ် မွေးမြူထုတ်လုပ်နိုင်ရေးအတွက် မွေးမြူမှုစနစ် ပြောင်းလဲရေး၊ မျိုးမြှင့်တင်ရေး၊ အစာကျွေးစနစ် ပြောင်းလဲပေးရေးနှင့် ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ်ထုတ်လုပ်၍ ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး အစီအမံများကို လည်းကောင်း အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။

သတင်းစဉ်