နေပြည်တော် ဩဂုတ် ၁၈
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် Video conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးမည့် ကိစ္စနှင့်ပတ်သက်သည့် Pledging Conference သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်သည်။
ယင်း “Pledging Conference” ကို အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Prak Sokhonn၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး H.E. Retno Marsudi ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Teodoro L. Locsin Jr. ၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး H.E. Vivian Balakrishnan ၊ ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီး H.E. Bui Thanh Son၊ လာအိုနိုင်ငံခြားရေး ဒုတိယဝန်ကြီး H.E. Thongphane Savanphet ၊ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ကြသည်။
အစည်းအဝေး၌ အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံခေါင်းဆောင်များ၏ တူညီဆန္ဒ (၅) ချက်၏ စတုတ္ထမြောက် အချက်နှင့်အညီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှတဆင့် မြန်မာနိုင်ငံသို့ အာဆီယံ၏ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စရပ်များကို ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံ၌ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အဆင့်ဆင့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် အာဆီယံ၏ ပထမအဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် အရေးပေါ် လိုအပ်ချက်များ အပေါ် အဓိကထားမည်ဖြစ်ပြီး ဒုတိယအဆင့်သည် ပိုမို ကျယ်ပြန့်သော လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို အလေးထားမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရန်အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး ငွေကြေးနှင့် အထောက် အပံ့ပစ္စည်းများ လှူဒါန်းရန် ကတိကဝတ်ပြုရေးအတွက် ဆန္ဒရှိမှုကို ဖော်ပြခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi အား ယခု “Pledging Conference” ကျင်းပပြုလုပ်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် တက်ရောက်လာကြသူများကို မြန်မာနိုင်ငံသို့ လှူဒါန်းမှုများနှင့် ကတိကဝတ်များအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ၌ ကူးစက်ရောဂါကို ပိုမို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန်အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို တည်ထောင်ထားရှိပါကြောင်း၊ မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် ပြည်သူများအတွက် အမှန်တကယ်လိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်များအားလုံးကို ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော်လည်း ဆက်လက်ဖြစ်ပွားနေသော ပြည်တွင်းကူးစက်မှုနှင့် ကူးစက်မှု တိုးမြင့်နေမှုတို့ကို ထိန်းချုပ်ရန်အတွက် ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ အထောက်အပံ့များနှင့် ဆက်စပ်ပစ္စည်းများ လိုအပ်လျက်ရှိကြောင်း။
ဇူလိုင်လအတွင်း မိုးကြီးမှုများကြောင့် မြန်မာနိုင်ငံ အနိမ့်ပိုင်းဒေသအချို့၌ ရေကြီးမှု ဖြစ်ခဲ့ပြီး နေရာဒေသ အချို့မှ ပြည်သူများ ထိခိုက် နစ်နာမှုများ ဖြစ်ခဲ့ရပါကြောင်း၊ သို့ဖြစ်၍ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အထောက်အပံ့များ အရေးကြီးသကဲ့သို့ပင် ထိခိုက်နစ်နာသူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ များဖြစ်သည့် အခြေခံလိုအပ်ချက်များ၊ အရေးပေါ် နားခိုရာတဲ၊ ကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှုများနှင့် လုံလောက်သော ဆေးဝါး အထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း။
ယခုအစည်းအဝေးရလဒ်များသည် မြန်မာနိုင်ငံ အတွက် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး တွင်သာမက ရေကြီးမှုတွင် ထိခိုက်နစ်နာသူများအတွက် လိုအပ်ချက်များအတွက်ပါ အကူအညီ ဖြစ်စေမည် ဖြစ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးအတွက် အကောင်အထည်ဖော် ဆောင်ခြင်းနှင့် ပို့ဆောင်ခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံအနေဖြင့် ပြင်ဆင်ထားရှိမှုများနှင့် အသင့်ရှိနေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေး၌ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် နယူးဇီလန်နိုင်ငံတို့မှ ငွေကြေးအထောက်အပံ့ အားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀,၀၀၀၊ ဩစတြေးလျဒေါ်လာ ၅ သန်းနှင့် ယူရို ၃၇၀,၀၀၀ ကို လှူဒါန်းရန် ကတိပြုခဲ့သည်။ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပစ္စည်းအားဖြင့် ကူညီမည်ဖြစ်ကြောင်း ကတိ ကဝတ်ပြုခဲ့ကြသည်။ ငွေကြေးနှင့် ပစ္စည်းအထောက်အပံ့များ အားလုံးကို အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး ညှိနှိုင်းမှု ဗဟိုဌာနမှတဆင့် လှူဒါန်းသွားမည်ဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)