နေပြည်တော် သြဂုတ် ၁၈
ဩဂုတ်လ ၁၂ ရက်နေ့ ၊ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လွယ်ဝန်းကျေးရွာ အနောက်တောင်ဘက်ရှိ လောပိတအမှတ်(၂) ဓာတ်အားပေးစက်ရုံနှင့် နေပြည်တော် (တပ်ကုန်း)ရွှေမြို့ ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော National Grid ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာဝါတိုင်တစ်ခုအား အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့မှ အောက်ခံကွန်ကရစ်ခုံ ၄ ခုနှင့် သံဖရိန်အား ယမ်းကပ်၍ ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အသွင်ပြောင်းပြည်သူ့စစ်အဖွဲ့များမှ သွားရောက် စစ်ဆေးခဲ့ရာ တာဝါတိုင်အောက်ခံကွန်ကရစ် ၄ ခု ကြေမွပျက်စီး၊ တာဝါတိုင် အပေါ်ဘက်အဖျားရှိ သံဖရိန် ကွေးကောက်ပျက်စီး၊ ဓာတ်အားလိုင်းသံမဏိကြိုးနှစ်ချောင်း အနားစများ ဖွာထွက်ပျက်စီးခြင်းနှင့် တာဝါတိုင် ကြွေသီး တစ်တွဲ မြေပြင်ပြုတ်ကျပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
အချို့ မီဒီယာများက ရေးသားနေသလို သီးသန့်လျှပ်စစ်လိုင်းမဟုတ်ဘဲ အများပြည်သူသုံး National Grid ဓာတ်အားလိုင်းသာဖြစ်ပြီး ပျက်စီးသွားသော တာဝါတိုင်ပြင်ဆင်ရေး လုပ်ငန်းများ အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်းနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိကြောင်း သတင်းရရှိသည်။