Skip to main content

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦး၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်(ဟောင်း) ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေး တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် သြဂုတ် ၁၈

 

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင်နှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

 

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်သည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ် ပုဂ္ဂိုလ်တစ်ဦးကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိရပ်ကွက်အတွင်းရှိ စီးပွားရေးဇုန်ဧရိယာအတွင်း မြေဧက (၂၀)ကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ နေရာချထားပေးခဲ့ပြီး ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိ ရပ်ကွက်ရှိ အထူး မြေကွက်အမှတ်(ဥ-၁၀၀၂)၊ မြေဧရိယာ(၂ ဒသမ ၀၇)ဧကပေါ်တွင် ၎င်း နေထိုင်ရန်အတွက် တစ်ထပ်တိုက် နေအိမ်တစ်လုံးကို ယခင်နှစ် ဈေးနှုန်းဖြစ်သည့် တန်ဖိုးငွေ ကျပ်သိန်း ၁၃၅၀ ဖြင့် လုပ်ငန်းအပ်နှံ စာချုပ်ချုပ်ဆိုကာ ပထမအရစ် ငွေကျပ် သိန်း ၂၇၀ ကိုသာ ပေး၍ အိမ်ဆောက်လုပ်စေခဲ့ခြင်း၊ အိမ်ဆောက်လုပ်ပြီးစီး၍ နေထိုင်နေပြီ ဖြစ်သော် လည်း ပေးရန် ကျန်ငွေ ကျပ်သိန်း ၁၀၈၀ ကို ပေးအပ်ခဲ့မှု မရှိခြင်းတို့သည် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း။  

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင် သည် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ပြည်သူ့အငှား အိမ်ယာ စီမံကိန်း (Myanmar Developer Association)ကို တည်ထောင်ပြီး နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအိမ်ရာ တည်ဆောက်ရာ၌ ဆောက်လုပ်ခွင့်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသူအား ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ နီလာ(၁)လမ်းရှိနေအိမ်တွင် လက်ခံတွေ့ဆုံကာ လာဘ်ငွေအဖြစ် ပေးအပ်သော ငွေကျပ်သိန်း ၁၁၀ ကို လက်ခံရယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ တွင် NLD ပါတီမှ ဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးသို့ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ထောက်ပံ့ရန်သုံးစွဲခဲ့ခြင်းသည် နိုင်ငံရေး ရာထူး လက်ရှိဖြစ်ခဲ့စဉ်က လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင် သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်သော အသုံး စရိတ်အတွက် နေပြည်တော် ကောင်စီဝင်(ဟောင်း)များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၃၀ ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်းက နေပြည်တော်ကောင်စီရုံးရှိ ၎င်း၏ ရုံးခန်း၌ လက်ခံရယူခဲ့ခြင်းသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံးစားပြု၍ တံစိုးလက်ဆောင်အဖြစ် ငွေကြေးတောင်းခံရယူပြီး အဂတိလိုက်စားမှု ကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာ မျိုးအောင် သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူး မြေကွက် (၁၆)ကွက် ဖော်ထုတ်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ မေ ၄ ရက် ရက်စွဲပါ စာအမှတ်၊ ၁၂၆(၁)/၈/သမ္မတရုံးဖြင့် ထုတ်ပြန်ထားသော နိုင်ငံတော်ပိုင်မြေ ရောင်းချရငွေ များကို နိုင်ငံတော်သို့ ပေးအပ်ရန်ဟူသော ညွှန်ကြားချက်နှင့် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက် ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)တို့ကို လိုက်နာမှုမရှိဘဲ ဆောင်ရွက် ခဲ့ခြင်း ကြောင့် နိုင်ငံတော်ပိုင် ငွေကြေး စုစုပေါင်းငွေကျပ်  ၁၉၃၃ သန်းကျော်ကို ဆုံးရှုံးစေခဲ့ ကြောင်း။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်(၂)(ဟောင်း) ဦးမင်းသူ နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်(၃)(ဟောင်း) ဒေါ်စံပယ်ထွေးတို့သည် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရတနာသိဒ္ဓိရပ်ကွက်ရှိ အထူးမြေကွက် (၁၆)ကွက် ဖော်ထုတ်ရာတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်ပေးရန် မလိုသည့် ကိုယ်ပိုင် မြေကွက်များတွင် မြေကြီး Level ညှိခြင်းလုပ်ငန်းများ၊ မြေကွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် ပြည်သူ့ဘဏ္ဍာ ငွေကျပ် ၁၄၈ သန်းကျော် နစ်နာ ဆုံးရှုံးခဲ့ကြောင်း။

 

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန်(ဟောင်း) ဒေါက်တာမျိုးအောင် နှင့် ဒုတိယမြို့တော်ဝန်(ဟောင်း) ဦးရဲမင်းဦးတို့သည် နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်၊ ဒက္ခိဏသီရိ ရပ်ကွက်အတွင်းရှိ စီးပွားရေးဇုန် ဧရိယာအတွင်း၌ မြေကွက် (၄၄)ကွက်၊ စုစုပေါင်း မြေဧရိယာ ၇၄ ဒသမ ၇၆ ဧကကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီ/ လူပုဂ္ဂိုလ် ၁၉ ဦးတို့ထံ တစ်ဧကလျှင် ငွေကျပ်သိန်း ၅၀၀ နှုန်းဖြင့် မြေနေရာ ချထားရာတွင် နေပြည်တော် စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၉ ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်လျက် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူခြင်းမရှိဘဲ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံခန့်ခွဲမှု အစည်းအဝေးများဖြင့်သာ ဆုံးဖြတ်၍ ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော် အနေဖြင့် ငွေကျပ် သိန်း ၁၄၉၅၂၀ ခန့် ဆုံးရှုံးနစ်နာခဲ့ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူနှင့် ဒေါ်စံပယ်ထွေး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။

 

 (သတင်းစဉ်)