၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း သန့်ရှင်းသောသောက်သုံးရေ၊ မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ် စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး ရည်မှန်းချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် ကျေးလက်ရေရရှိရေး အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ ရေရရှိရေး လုပ်ငန်းများကို မဟာဗျူဟာ ကျကျ ရင်နှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက် ဒေသများရေရရှိမှု အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၆၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းအထိ တိုးတက်အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ တဖက်တွင်လည်း ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ရေရရှိမှု ရာခိုင်နှုန်းနည်းပါးသည်ကို တွေ့ရပါကြောင်း၊ ကျေးလက်နေပြည်သူများ အတွက် အခြေခံရေပေးရေး လုပ်ငန်းများ၊ အိမ်သွယ်ရေမီတာစနစ်၊ ရေသန့်စင် စနစ်စသည့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ အသိပညာပေး သင်တန်းများ၊ လက်စွဲစာ စောင်များ၊ ရေပေးရေး သုတေသနလုပ်ငန်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်း များကို ပိုမိုတိုးတက်အောင် တာဝန်ရှိသူများနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးခန့်ဇော် က ကျေးလက်ရေ ရရှိရေး လုပ်ငန်းများအား ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းပေါင်း ၃၅၈၅၀ ကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင်လည်း ကျေးရွာပေါင်း ၃၀၈၃ ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းပေါင်း ၃၁၄၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ခုနှစ်အတွင်း နွေရာသီတွင် သောက်သုံးရေ ရှားပါးပြတ်လပ်သော ကျေးရွာ ၂၃၁၇ ရွာကို သောက်သုံးရေ ဂါလန် ၃၁ သန်းကျော် ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ အဆိုပါ ရေရှားပါးကျေးရွာများ အတွက် ရေရရှိရေး လုပ်ငန်း ပေါင်း ၉၇၂ ခုကို နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှုးများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်အထိ အိမ်သွယ်ရေ တိုင် ၃၀၃၈ ရွာ၊ ရေသန့်စင်စနစ် ၁၆၃ ရွာနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု ၄၁၉၃ ရွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)