Skip to main content

လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဩဂုတ် ၁၈

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နေသော ကာလဖြစ်သည့်အလျောက် ဆေးရုံများနှင့် Quarantine Center များတွင် ဓာတ်အားမပြတ်တောက်စေရေးအပြင် ပြည်သူလူထု အားလုံးမှ မိမိတို့နေအိမ်၌ Stay at home နေထိုင်နေသည့် ကာလဖြစ်၍ မိသားစုအလိုက် လိုအပ်သော လျှပ်စစ် ဓာတ်အားသုံးစွဲမှုကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန်နှင့် မီးပျက်ခြင်းမရှိအောင် ကြိုးစားဆောင်ရွက် ထားရန် လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က ပြောကြားသည်။

ယနေ့နံနက် ၉ နာရီခွဲက ရုံးအမှတ် ၂၇ တွင် ကျင်းပသည့် ပြည်သူလူထုအတွက်  လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားပြတ်တောက်မှုလျော့နည်း ပပျောက်စေရေး တို့နှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူ လူထုအတွက် လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းပပျောက်စေရေး၊ ဓာတ်အားစနစ် တည်ငြိမ် တိုးတက်ကောင်းမွန်စေရေးနှင့် ဗို့အားပြည့်ဝပြီး တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဖြူးပေးနိုင်ရေးတို့အတွက် ဟန်ချက်ညီညီ စီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ယခုအချိန်၌ ရာသီဥတုကြောင့်၊ တိရစ္ဆာန် များကြောင့်၊ သစ်ပင်သစ်ကိုင်းများကြောင့် စသည့်အချက်များဖြင့် ဓာတ်အား ပြတ်တောက် မှုများ ရှိနေပါသေးကြောင်း၊ ထိုသို့ ပြတ်တောက်နေမှုများကို နောင်တွင် လျှပ်စစ်ဓာတ်အား (လုံးဝမပြတ်တောက်စေရေး)ဆိုသည့် ရည်မှန်းချက်နှင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခများ ကောက်ခံမှု၌ မီတာဖတ်ဝန်ထမ်း မလုံလောက်ခြင်း အပါအဝင် အခြားအခက်အခဲများ တွေ့ကြုံခဲ့ရပါကြောင်း၊ ဓာတ်အားခ ကောက်ခံငွေများသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေး လုပ်ငန်းများအတွက် ပြန်လည်အသုံးပြုသွားရမည့် ဘဏ္ဍာငွေများဖြစ်သဖြင့် ဓာတ်အားခရရှိရေး ဆောင်ရွက်ခြင်းသည် မိမိတို့ ဝန်ထမ်းများ၏ အဓိကတာဝန်ဖြစ်ပြီး ဓာတ်အားခ ပေးဆောင်ရန်မှာ မီးသုံးစွဲ သူပြည်သူများ၏ တာဝန်ဖြစ်ပါကြောင်း၊ ယခု ပြည်သူများ သုံးစွဲခဲ့ပြီး ဓာတ်အားခများ ကောက်ခံနေခြင်းသည် မိမိတို့သုံးစွဲပြီး ကျသင့်ငွေကို ပေးဆောင် ခြင်းဖြစ်၍ လုပ်ရိုး လုပ်စဉ်ပင် ဖြစ်ပါကြောင်း၊ မီတာခကောက်ခံရရှိရေး ဝန်ထမ်းများအနေဖြင့် လက်တွဲ ညီညီ ဖြင့် ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းတို့မှ ဌာနကြီးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာများ၊ ခရိုင်လျှပ်စစ်မန်နေဂျာများနှင့် ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက ဓာတ်အားခွဲရုံများအလိုက် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့မှု၊ မြို့နယ်အသီးသီးရှိ ထရန်စဖော်မာ တစ်ခုချင်းအလိုက် ဓာတ်အားပြတ်တောက်ခဲ့မှု အခြေအနေနှင့် ဓာတ်အားပြတ်တောက်မှုမဖြစ်ပေါ်စေရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြပါသည်။ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)