Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် နေပြည်တော်ကောင်စီနယ်မြေ နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်များနှင့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာနကို ကြည့်ရှု

နေပြည်တော် ဩဂုတ် ၁၈

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်များကို ကြည့်ရှုသည်။

ရှေးဦးစွာ ဟိုတယ်အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်များ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ဧည့်သည်တည်းခိုမှုကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်များသည် နိုင်ငံတော်အဆင့် အခမ်းအနားများ၊ အစည်းအဝေးများ ကျင်းပရန်နှင့် တည်းခိုနေထိုင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားစွာဖြင့် နိုင်ငံတကာ အဆင့်မီ တည်ဆောက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ဟိုတယ်များနှင့် တွဲဖက်၍ နိုင်ငံတော်အဆင့် အစည်းအဝေးများနှင့် အခမ်းအနားများ ကျင်းပရန် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာနများကိုလည်း တည်ဆောက်ထားရှိပါကြောင်း။

နေပြည်တော်သည် အစိုးရဌာနများ ရုံးစိုက်ရာ နိုင်ငံတော်၏ အုပ်ချုပ်မှုမြို့တော် ဖြစ်သည် နှင့်အညီ အခမ်းအနားများ၊ အစည်းအဝေးများ၊ ပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက် ရှိသဖြင့် ဟိုတယ်များကလည်း ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ဧည့်သည် နည်းပါးချိန်တွင် ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ခရီးသည်များကို အချိန်မရွေး ဝန်ဆောင်မှုပေးနိုင်အောင် အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း။

ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးရန် လိုအပ်ကြောင်း၊ ဒေသအဆင့် အသိအမှတ်ပြုရေး အစီအမံများ ဖြည့်ဆည်းဆောင်ရွက်ပြီးဖြစ်၍ ကျန်းမာရေးနှင့်ပတ်သက်၍ လုံခြုံ စိတ်ချရသော ဟိုတယ်များအဖြစ် နိုင်ငံအဆင့် စိစစ်အသိအမှတ်ပြုပေးနိုင်ရန် ဝန်ကြီးဌာနမှ ထူထောင်ထားသော Enchanting Myanmar Health & Safety Protocol Website တွင် ဝင်ရောက် လျှောက်ထားရန်လိုအပ်ကြောင်း၊ နိုင်ငံအဆင့်အသိအမှတ်ပြု တံဆိပ်များရရှိပါက ခရီးသွားဧည့်သည် များ ယုံကြည်စိတ်ချစွာ လာရောက်တည်းခိုမှာဖြစ်ကြောင်း ပြောကြားပြီး ဧည့်သည်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန (MICC 1) သို့ သွားရောက်ကြည့်ရှုရာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ပြင်ဆင်ထိန်းသိမ်းထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အဆင့် အခမ်းအနားများ၊ အစည်းအဝေးများ အချိန်မရွေး ကျင်းပဆောင်ရွက်နိုင်ရေးအတွက် အဆင်သင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)